Home / ပဲခူးမြို့နယ် / ပဲခူးဒေသတွင် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်

ပဲခူးဒေသတွင် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်

မေ ၂၄ (ပဲခူး)

==================

          မေလ (၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေး ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်းနှင့် ဒေါက်တာ ဇေယျဦးတို့ လာရောက်တွေ့ဆုံသည်။

          ရှေးဦးစွာ  ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်းနှင့် ဒေါက်တာ ဇေယျဦးတို့က ပဲခူးဒေသတွင် University of Hanthawaddy(UoH) အမည်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အဓိက အားဖြင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပြည်တွင်း ကျွမ်းကျင် သူနည်းပါးနေ၍ အခြားနိုင်ငံမှ ပညာရှင်များ ခေါ်ယူအသုံးပြုနေရပါကြောင်း၊ ဒေသတွင်းရှိ အခြေခံပညာအထက်တန်းအောင် ကျောင်းသား/ကျောင်းသူအတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ သုတေသနနှင့် Industrial Based Learning တက္ကသိုလ်တစ်ခုဖြစ်လာရန်နှင့် ဘာသာရပ် များအနေဖြင့် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်၊ စိုက်ပျိုးရေးဆိုင်ရာဘာသာရပ်၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာဘာသာရပ်၊ သဘာဝဘေးဒဏ်ကာကွယ်ရေးဆိုင်ရာဘာသာရပ်၊ အသက်မွေးဝမ်းကျောင်းပညာရပ်၊ စီးပွားရေးဆိုင်ရာပညာရပ်များများ၊ နည်းပညာရပ်ဆိုင်ရာ ဘာသာရပ်များ အစရှိသည်တို့ သင်ကြားပေးသွားမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိစေရေး ပြည်တွင်း/ပြည်ပကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က  ပဲခူးဒေသ၌ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုသည် ကျွမ်းကျင်လုပ်သားများ မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါတက္ကသိုလ်ဖွင့်လှစ်ခြင်းအားဖြင့် ဒေသတွင်းလူငယ်များ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ခြင်း၊ မိမိတို့တတ်ကျွမ်းသည့် ပညာရပ်အလိုက် ရသင့်/ရထိုက်သည့် လုပ်ခလစာများ ခံစားနိုင်မည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘုရားကြီးမြို့ပတ်ဝန်းကျင်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၄၀)ပတ်ဝန်းကျင်အား ပြည်ပတက္ကသိုလ်များတည်ဆောက်ရန် မြေနေရာလျာထားမှုရှိသဖြင့် အဆွေတော်တို့၏ တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          ပဲခူးဒေသတွင် University of Hanthawaddy(UoH) တည်ဆောက်ခြင်းအားဖြင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား များပေါ်ထွက်လာသဖြင့် ဒေသအတွင်းသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာနိုင် ခြင်း၊ အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခ/လစာနည်းပါးမှုမှ ကျော်လွန်နိုင်ခြင်း၊ ကျောင်းသား/ သူများအနေဖြင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီများ ရရှိနိုင်ခြင်း၊ တက်ရောက်မည့်သူများအနေဖြင့် သင့်တင့်သောငွေကြေးဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်သည့်အပြင် ထူးချွန်ကျောင်းသား များကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ရရှိခံစားနိုင်မည့်  အကျိုးကျေးဇူးများ ခံစားကြ ရမည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်း၊ ဒေါက်တာ ဇေယျဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။