Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရန် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရန် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဧပြီ ၁၁ (ပဲခူး)

=============

          ဧပြီလ (၁၁)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ လိုက်ပါလျက် ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီးလမ်းအား တိုးချဲ့ရန်နှင့် တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်း အဝင်တံတားများ ချဲ့သွားရန်၊ ကျောက်တွင်းကုန်းလမ်းဆုံမှ ကျောက်ကြီးစုရပ်ကွက် အဝင်လမ်းအား တိုးချဲ့ရန်၊ လမ်းချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရေစီးရေလာ ကောင်းမွန်စေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ လမ်းညွှန်အမှတ်အသားများ အထင်အရှား ပါရှိစေရန်နှင့် လိုအပ်သည့်နေရာများ တွင် လူကူးမျဉ်းကြားများ ပြန်လည်ရေးဆွဲရန်၊ ခရီးသည်တင်ကားများ စနစ်တကျ ရပ်/တင်/ချ ဆောင်ရွက်နိုင်ရန် ဘတ်(စ်)ကားမှတ်တိုင်များ စီစဉ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

          ပဲခူးမြို့သည် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မြဝတီ၊ ရန်ကုန်-မကွေးစသည့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ကုန်သွယ်ရေးလမ်းဆုံပေါ်တွင် ကျရောက်လျက်ရှိပြီး နောင်အနာဂတ်တွင် ယာဉ်ကြောကြပ်တည်းမှုများ မဖြစ်စေရန်အတွက် ဘတ်ဂျက်နှစ်အလိုက် မြို့တွင်းပတ်လမ်းများ တိုးချဲ့ဆောင်ရွက်နေခြင်းကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။