ပဲခူးမြို့နယ် ထားဝယ်အင်းကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဒီဇင်ဘာ ၂၆ (ပဲခူး)
==================================

ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ ထားဝယ်အင်းကျေးရွာ အဝင်လမ်း၌ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအရ ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှမြင့်တို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာသူ/သားများအား အမှာစကားအသီးသီး ပြောကြားခဲ့သည်။
အဆိုပါ လမ်းကို နိုဝင်ဘာလ(၁၈)ရက်နေ့တွင်စတင်လုပ်ဆောင်ကာ ဒီဇင်ဘာလ (၇)နေ့တွင်ပြီးစီးခဲ့သည်။ လမ်းအကျယ် (၁၂) ပေ၊ အရှည် (၂၀၇၅) ပေ ၊ အမြင့် (၈) လက်မရှိသည့် ကွန်ကရစ် လမ်းအမျိုးအစားဖြစ်ပြီး ငွေကျပ်သိန်း (၁၅၀) ကျော် ကုန်ကျကြောင်း သိရသည်။