Home / ပဲခူးမြို့နယ် / ပဲခူးမြို့နယ် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့နယ် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဧပြီ ၂၉ (ပဲခူး)

=========================

ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဧပြီလ(၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးမြို့နယ် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် ပြောင်းလာသည့်အခြေအနေများ၊ အရွေ့တစ်ခုအနေဖြင့် ပြောင်းလဲခြင်း ပြုလုပ်ရာတွင် အခက်အခဲများစွာ ရှိသည့်အတွက် ချက်ချင်းလုပ်ယူလို့မရဘဲ တဖြည်းဖြည်းနှင့် စိတ်ရှည်စွာ အစိုးရ၊ ဌာနဆိုင်ရာနှင့့်် ပြည်သူ ဟန်ချက်ညီညီ စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ ပြောင်းလဲကြရမှာဖြစ်ကြောင်း၊ လူတိုင်းကိုယ်စီမှာ ကောင်းမွန်သော အိမ်မက်တွေရှိကြကြောင်း၊ မတူညီမှုများကို တူညီအောင် လုပ်ယူ၍မရသော်လည်း ညီညွတ်မှု ရှိအောင် လုပ်ယူ၍ရကြောင်း၊ ပဲခူးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်တစ်ခု ဖြစ်သော်လည်း အုပ်ချုပ်ရေး အဆက်ဆက်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အားနည်းခဲ့ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပဲခူးမြို့အား တိုင်းဒေသကြီး၏ မြို့တော်အင်္ဂါရပ်နှင့်ညီအောင် ဖွံ့ဖြိုးတိုးတက်မှုများရှိလာအောင် ကြိုးစား ဆောင်ရွက် လုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ ပြည်သူများ၏ တင်ပြချက်များအား မှတ်သားပြီး သတ်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားပြီး၊ ပဲခူတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ ပြည်သူ့အသံသည် လွှတ်တော်၏အသံ၊ ပြည်သူ့၏ဆန္ဒသည် လွှတ်တော်၏ ဆန္ဒဖြစ်သည်နှင့်အညီ ပြည်သူ့အတွက်၊ နိုင်ငံတော်အတွက်၊ တိုင်းဒေသကြီးအတွက် လွှတ်တော်အတွင်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူများ၏ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူများထံသွားရောက်ကြပြီး မေးမြန်းနားထောင် လွှတ်တော်သို့ တင်ပြရန် လမ်းညွှန်မှုပေးထားကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် သတ်ဆိုင်ရာ ဥပဒေများကိုလည်း ရေးဆွဲပြဌာန်းပြီး အကျိုးသက်ရောက်ရှိအောင် ရွက်လျှက်ရှိကြောင်း ပြောကြားသည်။

ထို့နောက်ပြည်သူများမှ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ မလွတ်ကင်းသော မြေနေရာများသိမ်းယူရာတွင် လျှော်ကြေးငွေပေးဆောင်သည့်ကိစ္စ၊ သိမ်းဆည်းထားသော လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်လည်ပေးဆောင်ခြင်းကိစ္စ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ တူးဖော်ခြင်းကိစ္စ၊ နန်းတော်ရာရပ်ကွက်၊ အလင်းရောင်တွင် မြေကျူးကျော်ထားမှုအား ရှင်းလင်းပေးရန်ကိစ္စ၊ ပဲခူးမြို့မစျေးသန့်ရှင်းသာယာရေးနှင့် မီးဘေးကာကွယ်ရေး ဆောင်ရွက်ပေးရန်ကိစ္စ၊ ကန်တော်ကြီး ရေဝင်ရေလွှဲဆည် ပြန်လည်လွှဲပြောင်းလက္ခံ ဆောင်ရွက်မည့်ကိစ္စ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားခြင်းကိစ္စ၊ ကုတင်(၅၀၀)ဆံ့ ဆေးရုံတည်ဆောက်ရာတွင် မည်သည့်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပြီး တာဝန်ယူ တာဝန်ခံမှုရှိ/မရှိကိစ္စ၊ ထန်းတောကြီးအုပ်စုတွင် လမ်းတံတားနှင့် ကျေးလမ်းများ ပြုပြင်တည်ဆောက်ပေးရန်ကိစ္စ၊ ဌာနဆိုင်ရာရုံးများတွင် လုပ်ငန်းကိစ္စနှင့် သွားရောက်ရာတွင် ဝန်ထမ်းများမှ ရိုင်းစိုင်းမောက်မာစွာ ပြောဆိုဆက်ဆံကြခြင်းကိစ္စ၊ မြေစာရင်းဝန်ထမ်း များမှ ခြံမြေများတိုင်းတာစေရာတွင် လုပ်ဆောင်ပေးခြင်းမရှိသည့်ကိစ္စ၊ တာဝန်ရှိဌာနအကြီးအကဲများအား တွေ့ဆုံခွင့်တောင်းရာတွင် တွေ့ခွင့်မပြုသည့်ကိစ္စ၊ တရားစီရင်ရေး မှန်ကန်စွာ မလုပ်ဆောင်ခြင်းကိစ္စ၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းကိစ္စ၊ အစိုးရသက်တမ်း တစ်နှစ်တာကာလအတွင်း ပြည်သူအတွက် မည်သည့် လုပ်ဆောင်ချက် လုပ်ဆောင်ပေးပြီး မိမိတို့လုပ်ဆောင်ချက်အပေါ် အားရကျေနပ်မှု ရှိမ/ရှိကိစ္စ၊ လျှပ်စစ်မီး ရရှိရေးနှင့် မီးလင်းရေးကိစ္စ၊ လယ်ယာမြေအမှုတွဲများ ကြန့်ကြားနေမှုများအား အမြန်ဆုံးဖြေရှင်းပေးကိစ္စ၊ ပေချောင်ကျေးရွာ မီးအမြန်ဆုံးရရှိရေး ကိစ္စများအား တင်ပြမေးမြန်းကြရာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။