Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / စည်ပင်သာယာရေးအဖွဲ့ / ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့်ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြိုတင်ညှိနှိုင်း

ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့်ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြိုတင်ညှိနှိုင်း

မေ ၂၈ (ပဲခူး)

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၂၈)ရက်နေ့၊ မွန်းလွဲ(၁) နာရီခွဲအချိန်က ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့် ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့အား စံပြမြို့တော်တစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထား၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဓိကအားဖြင့် ရေထွက်ပေါက်များ ပိတ်ဆို့ခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းနှင့် ရေနှုတ်မြောင်းများ၊ ချောင်းရိုးများ စနစ်တကျ ပြန်လည်ပြင်ဆင် တူးဖော်မှု မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယခုအခါ ပဲခူးမြို့ရိုးဟောင်းနှင့် ကျုံးပြန်လည် တူးဖော်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်လျက်ရှိရာ၊ တစ်ပါတည်း ပဲခူးမြို့တွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တိုင်းတာဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးမြို့အတွက် ရေစီးရေလာကောင်းမွန်စေရေး နိုင်ငံတကာအဆင့်မီ Master Plan တစ်ခုအား ရေးဆွဲထားရန်လိုအပ်လာမည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် လမ်း၊ အဆောက်အဦစသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေမြောင်းအမျိုးအစားနှင့် အရွယ်အစားကိုပါ တစ်ပါတည်းသတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် BIT Engineering မှ ဦးဇော်မျိုးလင်းက ပဲခူးမြို့အား ဧရိယာအပိုင်း(၃)ခု ခွဲခြားပြီး တစ်ခုချင်းအလိုက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့် အစီအမံများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် စည်ပင်ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။

          အဆိုပါမြေပြင်ကွင်းဆင်းတိုင်းတာခြင်းဖြင့် ပဲခူးမြို့တွင်း၏ အဓိကလမ်းများနှင့် လမ်းခွဲ များ၏ ဘေးရေနှုတ်မြောင်း အခြေအနေမှန်ကို သိရှိနိုင်ခြင်း၊ တိုးချဲ့လာသော မြို့သစ်၏ ပြုလုပ်ပြီး၊ ပြုလုပ်ဆဲ ရေနှုတ်မြောင်းများ၏ အတာအတာကို အတိအကျသိရှိနိုင်ခြင်း၊ မြေမျက်နှာသွယ်ပြင်အနေအထားအရ မြို့၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးနေရာများကို သိရှိနိုင်၍ ယခင်ရေကြီးရေလျှံဖြစ်ပေါ်သောနေများအား စောလျင်စွာ မည်သည့်နေရာသို့ ရေစု၊ ရေထုတ် နိုင်သည်ကို စီမံခန့်ခွဲနိုင်ခြင်း၊ လမ်းသွယ်များမှ လမ်းမကြီးဘေးရှိ ရေနှုတ်မြောင်းများနှင့် ချိတ်ဆက်မှုအခြေအနေနှင့် အားနည်းချက်များ ပြုပြင်နိုင်ရန် သိရှိနိုင်ခြင်း၊ နောင်အနာဂတ်တွင် ဆောက်လုပ်မည့် ရေမြောင်းများ၏ အမျိုးအစားနှင့် ထားရှိရမည့် အနက်ပေနှင့် အကျယ်အဝန်းများအား စီမံခန့်ခွဲနိုင်ခြင်း၊ ရေမြောင်းတစ်လျောက် စီးဆင်းလာမည့် ရေများကို ပဲခူးမြစ်နှင့် လက်တံချောင်းများအတွင်းသို့ အနီးဆုံးရောက်ရှိအောင် ပို့ဆောင်ပေးမည့် နည်းလမ်းများ သိရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း သိရှိသည်။

          အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးမြို့နယ်စည်ပင်ကော်မတီဝင်များနှင့် ပြင်ပအင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။