Home / ပဲခူးမြို့နယ် / ပဲခူးမြို့၊ မြို့တော်ခန်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ဇွန် ၅ (ပဲခူး)

=================================

            ဇွန်လ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။

           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားရာတွင် အဖွဲ့အစည်းအားလုံးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေ စဉ်းစားထည့်သွင်း လုပ်ဆောင်ကြရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လက်ရှိနှင့်အနာဂတ် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို လေးလေး နက်နက်လုပ်ဆောင်ကြရန် ပြောကြားသည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားပြီး တက်ရောက်လာကြသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Video မှတ်တမ်းအား ပြသပေးခဲ့သည်။

             ယင်းနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်တို့တွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ဥပဒေချုပ်တို့မှဆုများ အသီးသီးပေးအပ်ပြီး အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံတိုင်း၊ လူသားတိုင်းအတွက် အထူးလိုအပ်သည်နှင့်အညီ ၁၉၇၂ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် ကုလသမဂ္ဂမှ ဦးဆောင်ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် လူသားနှင့်ပတ်ဝန်းကျင် ညီလာခံကြီးမှ နှစ်စဉ် ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟု သတ်မှတ်ထားရှိခဲ့ပြီး ၁၉၇၃ ခုနှစ်၊ မှစတင်ပြီး ဇွန်လ(၅)ရက်နေ့ကို ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် UNEP မှ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ နားလည်သဘောပေါက်မှုတိုးမြှင့်ပြီး ပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ အခြေအနေနှင့် အချိန်အခါလိုက် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိတ်ခေါ်မှုများအပေါ်မူတည်၍ နှစ်အလိုက် မတူညီသော အထိမ်းအမှတ်ဆောင်ပုဒ်များသတ်မှတ်ပြီး နိုင်ငံအသီးသီးတွင် အလှည့်ကျစနစ်ဖြင့် ကျင်းပလျက်ရှိသည်။

          ကမ္ဘာမြေကြီးသည် ယခုအန္တရာယ်ရှိသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ လွန်ကဲသောပမာဏ ဖုံးလွှမ်းမှုကိုခံနေရခြင်း၊ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်(၈)သန်းကျော်သည် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိလျှက်ရှိနေခြင်း၊ ပင်လယ်သမုဒ္ဒရာများအတွင်းရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်း အပိုင်းအစများသည် အာကာသဟင်းလင်းပြင်တွင် ရှိသောကြယ်စုတွေထက်ပင် ပိုမိုများနေခြင်း၊ အလွန်ဝေးလံသော ကျွန်းစုများမှ အာတိတ်သမုဒ္ဒရာအထိတိုင်အောင် ပလတ်စတစ်အပိုင်းအစများနှင့် လွတ်ကင်းသော နေရာမရှိသလောက်ဖြစ်နေခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။ အဆိုပါအခြေအနေအတိုင်း ဆက်လက်ပြုမူနေမည်ဆိုပါက ၂၀၅ဝခုနှစ်ရောက်လျှင် ပင်လယ်သမုဒ္ဒရာအတွင်း၌ ငါးသယံဇာတထက် ပလတ်စတစ်အမှိုက်များက ပိုမိုများပြားလာမည်ဖြစ်သည်။

ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် “ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” “Beat Plastic Pollution” ဖြစ်ပြီး အဆိုပါ ဆောင်ပုဒ်၏ရည်ရွယ်ချက်သည် ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်းစေသည့် အဏ္ဏဝါသက်ရှိများအား ပျက်စီးစေပြီး လူသားတို့ရဲ့ကျန်းမာရေးကို ခြိမ်းခြောက်နေသော တစ်ခါသုံးပလတ်စတစ်များရဲအန္တရာယ်ကို ပြည်သူများသိရှိနိုင်စေရန် ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုကို လျော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်းတို့အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်နိုင်သည့်နည်းလမ်းများအား ရှာဖွေဖော်ထုတ်ရန် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် အစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် ပြည်သူလူထုတို့အား တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။

       အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။