Home / ပဲခူးမြို့နယ် / ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား (၂၅၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား (၂၅၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်

ဧပြီလ ၆ (ပဲခူး)
==========================

ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ရင်ပြင်တော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဧပြီလ(၆)ရက်နေ့ ညနေ(၅)နာရီအချိန်က ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၂၅၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဌာနဓမ္မပူဇနိယအသင်း ဦးအောင်မောင်းမှ ဗုဒ္ဓပူဇနိယပွဲတော် အဖွင့်အောင်ဂါထာအား ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် သုခကာရီအသင်း ဦးမြသိန်းမှ သမ္မာဒေဝနတ်များ ပင့်ဖိတ်ကာ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။
ယင်းနောက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်မှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရသည့် အကြောင်း ရှင်းလင်းလျှောက်ထားပြီး သီလရှင်ဆရာကြီးဆရာလေးများ၊ အမျိုးသားအမျိုးသမီးများမှ ရှစ်လုံးဘွဲ့ကဗျာများဖြင့် လည်းကောင်း၊ ပုညဝဎ္ဍနအသင်း ဒေါ်တင်မြမှ ပွဲတော်ဖွင့်ပွဲ ရတုပိုဒ်စုံဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ သြဝါဒစရိယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဝန်ကြီးချူပ်ဦးဝင်းသိန်းမှ မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား စတင်မီးပူဇော်ကြောင်းသိရသည်။