Home / ပဲခူးမြို့နယ် / ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ စာအောင်သံဃာတော်များ၊ သီလရှင်များအားဂုဏ်ပြုပူဇော်ခြင်းနှင့် သံဃာအပါး(၁၈၀၀)အား ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ စာအောင်သံဃာတော်များ၊ သီလရှင်များအားဂုဏ်ပြုပူဇော်ခြင်းနှင့် သံဃာအပါး(၁၈၀၀)အား ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပပြုလုပ်

မတ် ၁၈ (ပဲခူး)
==================================

မတ်လ(၁၈)ရက်နေ့၊  နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ခြင်း၊ သံဃာအပါး(၁၈၀၀)အား ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိုင်းသံဃာ့နာယကနှင့် မြို့နယ်သံဃာ့နာကယ ဆရာတော်များအမှူးပြူ၍ သံဃာတော်အရှင်သူမြတ် (၁၈၀၀)ပါးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ထို့နောက် စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်အသီးသီးမှ (၁၃၇၈)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲအောင်စာအောင် သံဃာနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်လှူဒါန်းပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စောင်းဆရာ ကန်ဦးအောင်နှင့်တွဲဘက်၍ ရွှေတံဆိပ်ဆုရှင်တေးသံရှင်များက ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနားသီချင်းခံသုံးပုဒ်တို့ဖြင့် သီဆိုပူဇော်ကြကာ ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃာ့မဟာနာယအဖွဲ့ ဒုတိယဥက္ကဌ၊ ရေတာရှည်မြို့၊ ငီရိမင်္ဂလာခြုံအင်းကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသထံမှ ကိုးပါးသီလ ခံယူဆောက်တည်တော်မူကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဌာနဆိုင်ရာများက နာယကဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်သံဃာနှင့် သီလရှင်များအတွက် စာအောင်ဆုလှူဖွယ်ဝတ္တုများကို မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင်၊ ပဲခူးမြို့ သာမဏေကျော်စာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဝိစက္ခဏာလင်္ကာရာဘိဝံသထံမှ အနုမောဒနာတရားနာယူပြီး အလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ဖခင်ကြီးဦးထွန်းရှင်+မိခင်ကြီးဒေါ်ရွှေ (ထိပ်တန်းဆေးလိပ်နှင့် ကြယ်တာရာဆေးပေါ့လိပ်) တို့အားရည်စူး၍ သားသမီးမြေးမြစ်တစ်စုမှ ကုသိုလ်ပြုကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ စာသင်တိုက်များမှ ၁၃၇၈ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်း(၂၃)ပါး၊ ပထမကြီးတန်း(၄၅၃)ပါး၊ ပထမလတ်တန်း(၃၆၅)ပါး၊ ပထမငယ်တန်း(၄၈၁)ပါး၊ အခြေခံပြုမူလတန်း(၆၈၃)ပါး၊ နိကာယ်စာမေးပွဲတွင်(၁၀၅)ပါး၊ စုစုပေါင်း(၂၁၁၀)ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ပဲခူး/တောင်ငူ/ပြည်/သာယာဝတီ ခရိုင်(၄)ခုရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်အပါး (၁၈၀၀)တို့အား ဝန်ကြီးချုပ်အမှုးပြုသော အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များ၊ အလှူရှင်များက ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်ခြေတော်ရင်းမှ ဘုရားလမ်းအတိုင်း ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။