Home / ပဲခူးမြို့နယ် / ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မဟာစေတီတော်မြတ်ကြီး ဘက်စုံမွန်းမံပြုပြင်ရေးအတွက် သြဝါဒခံယူပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မဟာစေတီတော်မြတ်ကြီး ဘက်စုံမွန်းမံပြုပြင်ရေးအတွက် သြဝါဒခံယူပွဲကျင်းပပြုလုပ်

ဇွန် ၁၀ (ပဲခူး)

=================================

        ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်ကြီးတွင် ဇွန်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မဟာစေတီတော်မြတ်ကြီး ဘက်စုံမွန်းမံပြုပြင်ရေးအတွက် သြဝါဒခံယူပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ နမောတဿ     သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက နိုင်ငံတော်သြဝါဒစရိယ ပဲခူးမြို့ မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟသင်း(ဗဟို)ဥက္ကဌ ဒေါက်တာခင်ရွှေက စေတီတော်ကြီး ပြန်လည်ပြုပြင်မွန်းမံမှုနှင့် ပတ်သက်၍ လျှောက်ထားကာ နာယကဆရာတော်ကြီးများထံမှ သြဝါဒကထာ ခံယူကြသည်။

              ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့မှ နာယကဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့မဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

             ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မဟာစေတီတော်မြတ်ကြီးအား နာယကဆရာတော်ကြီးများ၏ သြဝါဒခံယူပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း၏(ဗဟို) ဥက္ကဌဒေါက်တာခင်ရွှေနှင့် ခုနှစ်ရက်သားသမီးများ၏ အလှူဒါနဖြင့် ရွှေရောင်စတီးသင်္ကန်း ဆက်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် ဘက်စုံပြုပြင်မွမ်းမံမှုများကို ပြန်လည်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

         အဆိုပါအခမ်းအနားသို့ နာယကဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဒေါက်တာခင်ရွှေနှင့် တိုင်း/ခရိုင်/မြို့နယ်ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။