Home / ပဲခူးမြို့နယ် / ပဲခူးမြို့၏ အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ IHI Asia Pacific Pte., Ltd လာရောက် ဆွေးနွေး

ပဲခူးမြို့၏ အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ IHI Asia Pacific Pte., Ltd လာရောက် ဆွေးနွေး

မေ ၂၈ (ပဲခူး)

==========================

          မေလ (၂၈)ရက်နေ့၊ နံနက် (၁၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့၏ အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ IHI Asia Pacific Pte., Ltd က Chief Representative, Mr. Taku Kitayama ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့မှ ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။

          ရှေးဦးစွာ Mr. Taku Kitayama က မိမိတို့ကုမ္ပဏီသည် စွမ်းအင်နှင့်သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ လမ်း/တံတားလုပ်ငန်းများ စသည့်လုပ်ငန်းစီမံကိန်းများကို ပြည်ပနိုင်ငံများတွင် ဆောင်ရွက်ပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ရန်ကုန်တိုင်းဒေသကြီး၌ ကွန်ကရစ်စက်ရုံအား ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စတင်ဆောင်လျက်ရှိ ပါကြောင်းနှင့် ဝန်ကြီးချုပ်၏ ပဲခူးဒေသ၌ ဆက်လက်ဆောင်ရွက်သွားမည့် အနာဂတ်စီမံကိန်းများအား သိရှိလိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

          ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့သည့် အလေ့အထကောင်းများရှိကြောင်း၊ ပဲခူးဒေသ သည် ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသည့် မဟာဗျူဟာတစ်ခုကို ပိုင်ဆိုင်ထားကြောင်း၊ တောင်ဘက်တွင် အဓိကပင်လယ်ထွက်ပေါက်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် တရုတ်နိုင်ငံအထိ ကုန်းတွင်းလမ်းကြောင်းဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာတွင် ဇောင်းတူ-လက်ပံတန်း(ဖားရွှေကျော်) ရိုးမဖြတ်လမ်းအသစ်တစ်ခုအား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပဲခူးမြို့အား နိုင်ငံတကာအဆင့်မီ မြို့ပြတစ်ခုဖြစ်စေရန် မြို့ပြစီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ် တွင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးအတွက် ပဲခူးအရှေ့ဘက် မြို့ရှောင်လမ်းဖော်လုပ်ရန် လျာထားပြီး၊ အနောက်ဘက်မြို့ရှောင်လမ်းကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၉)မိုင်၊ (၄)ဖာလုံအနီးတွင် (500KV) ဓါတ်အားခွဲရုံတစ်ခု ဆောက်လုပ်ရန်ရှိနေသဖြင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အား များ လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးဒေသသည် လမ်းဆုံမြို့တစ်ခုဖြစ်၍ မြန်မာနိုင်ငံ၏ အဓိကကုန်းတွင်း ကုန်ပစ္စည်းများ ဝယ်ယူ/ရောင်းချ/သိုလှောင်သည့် နေရာတစ်ခု ဖြစ်လာနိုင်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုလျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။