Home / ပဲခူးမြို့နယ် / ပဲခူးမြို့ ရှမ်းတန်း(၆)လမ်း ကွန်ကရစ်လမ်းသစ်အား ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူးမြို့ ရှမ်းတန်း(၆)လမ်း ကွန်ကရစ်လမ်းသစ်အား ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ဧပြီ ၁၁ (ပဲခူး)

=============================

        ဧပြီလ(၁၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့၊ မြို့သစ် (ဂ)ရပ်ကွက်ရှိ ရှမ်းတန်း(၆)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ မြို့သစ်(ဂ)ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဌ၊ ပုညကာရီဆုတောင်းပြည့်ကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပုညာနန္ဒမှ သြဝါဒကထာ မြွက်ကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားသည်။

        ထို့နောက် ပုညကာရီ ဆုတောင်းပြည့်ကျောင်းဆရာတော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွတ်တော်ဥက္ကဋ္ဌတို့က ရှမ်းတန်း(၆)လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုကာဖြတ်သန်း လျှောက်လှမ်းကြသည်။

       ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ကြကြောင်း သိရသည်။

         အဆိုပါကွန်ကရစ်လမ်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၄၀၀)ကျော်နှင့် ပုညကာရီ ဆုတောင်းပြည့် စာသင်တိုက်ဆရာတော်နှင့် ရှမ်းတန်း(၆)လမ်းအတွင်းရှိ မိသားစုများ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း(၈၀) စုစုပေါင်း ငွေကျပ်သိန်း(၄၈၀)ကျော်ဖြင့် အရှည်(၆၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းအဖြစ် ရွှေယဉ်ကျေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

          အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ ပဲခူးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် ဌာနဆိုင်ရာများ၊ လမ်းသူ/သားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။