Home / ပဲခူးမြို့နယ် / ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရန်စီစဉ်

ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရန်စီစဉ်

ဧပြီ ၉ (ပဲခူး)

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ဧပြီလ (၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတို့ကို ကာကွယ်တားဆီးရေးကြီးကြပ်မှုကော်မတီ (၁/၂၀၁၈) အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ နှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်ခိုးထုတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက် မှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက သစ်ခိုးထုတ် မှုများနှင့်ပတ်သက်၍ အဓိကအားဖြင့် တရားဝင်သစ်စက်များတွင် တရားမဝင်သစ် ဝယ်ယူမှု မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား သစ်တောဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးရန်၊ သစ်ခုတ်ခြင်း၊ ထင်းခုတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်းဖြင့် အသက် မွေးဝမ်းကြောင်းပြုလုပ်သည့် ဒေသများတွင် အခြားအလုပ်အကိုင်များ ဖန်တီးပေးခြင်းဖြင့် ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တရားမဝင်သစ် ဖမ်းဆီးရေး ဂိတ်များ ဖွင့်လှစ်နိုင်ရန် အသေးစိတ်စီမံချက်ရေးဆွဲတင်ပြပေးရန်နှင့် တရားဥပဒေအရ ထိထိ ရောက်ရောက် ပြစ်မှု၊ပြစ်ဒဏ်များ ချမှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးပြီး တက်ရောက်လာသည့် တိုင်းဥပဒေအရာရှိ၊ တိုင်းတရားရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ သစ်ထုတ်လုပ်ငန်းနှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များအပေါ် အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ နှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း တို့မှ နိဂုံးချုပ် အမှာစကားပြောကြားရာ ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတို့ကို ကာကွယ်တားဆီးရေးကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် အကြံပြုဆွေးနွေးတင်ပြခဲ့မှုများအပေါ် ကျေးဇူးတင်ရှိ ကြောင်း၊ ယခုလို ဆောင်ရွက်နေခြင်းသည် မိမိတို့ မျိုးဆက်တစ်ခု ကောင်းစားရေးအတွက် မဟုတ်ဘဲ အနာဂတ် မြန်မာနိုင်ငံသူ/သားများအတွက်ပင် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်နိုင်တဲ့အချိန်အခါမှာ မလုပ်ခဲ့ပါက နောင်တချိန် ပိုမိုဆိုးဝါးသည့် ရာသီဥတုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ ကော်မတီဝင်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး အတွက် အနာဂတ်တွင် ကောင်းမွန်သော သမိုင်းရေးထိုးနိုင်ရေး တရားမဝင်သစ်ခိုးထုတ်မှုများ လျော့နည်းပပျောက်စေရန်နှင့် ကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအား ထိထိရောက်ရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          အဆိုပါကော်မတီသည် ပဲခူးရိုးမအတွင်းရှိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ရေရှည် တည်တံ့စေရန်နှင့် သစ်တောထွက်ပစ္စည်းများအား စနစ်တကျထုတ်ယူအသုံးပြုနိုင်ရန်၊ နည်းမျိုးစုံဖြင့် အဖိုးတန်သစ်နှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင် ခိုးထုတ်မှုများကို ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု တားဆီးကာကွယ်နိုင်ရန်နှင့် ကော်မတီအဖွဲ့တွင် ဥပဒေနှင့် တရားရေးဌာနများ ပါဝင်လာသဖြင့် ထိရောက်သော ပြစ်မှု၊ ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်း(၂၂၆၆.၂၅၂၈)တန်၊ သစ်မာ (၁၆၁၅.၆၉၉၅)တန်၊ အခြား(၁၃၃၁.၃၂၀၇)တန်၊ စုစုပေါင်းသစ်တန်(၅၂၁၃.၂၇၃၀)တန်၊ ယာဉ် မျိုးစုံ (၄၅၈)စီး၊ တရားခံ (၆၅၂)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့  ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။