Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / စည်ပင်သာယာရေးအဖွဲ့ / ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

မေ ၁၈ (ပဲခူး)
=================================

မေလ(၁၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်အနီး လိပ်ပြာကန်နှင့် မဂ္ဂတစ်လမ်းအကြား သနပ်ပင်ကားလမ်းမပေါ်ရှိ ဖွင့်ပွဲမဏ္ဍာပ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ပဲခူးခရိုင်မှတည်ဆောက်ခဲ့သော ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝင်းသိန်းတို့က အမှာစကားပြောကြားကြပြီး ဒေသခံပြည်သူ မြို့မိမြို့ဖ ဦးဝင်းက လမ်းခင်းပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းသစ်အား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာဦးအောင်ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး ပဲခူးမြို့တွင်းအပိုင်း ကတ္တရာကွန်ကရိလမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါလမ်းသည် အရှည်(၁)မိုင်(၇)ဖာလုံ၊ ယာဉ်သွားလမ်းအကျယ်(၄၈)ပေရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၈၆၀)သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ်သန်း(၁၈၄၃)သန်း၊ စုစုပေါင်းကျပ်သန်း(၂၇၀၃)သန်းဖြင့် ပဲခူးခရိုင်လမ်းဦးစီးဌာနမှ ယခင်(၂)လမ်းသွားလမ်းအား ယခု(၄)လမ်းသွားအဖြစ်လည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ တံတား(၄)စင်းအား (၄၈)ပေအကျယ် ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းအပြင် လမ်း၏ဘေးဘက်နှစ်ခုတွင် ကွန်ကရစ်ရေနှုတ်မြောင်းများ ဆောင်ရွက်ခြင်း၊ ကွန်ကရစ်ပလက်ဖောင်း ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းပုခုံးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့မှစတင်ကာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ခုနှစ်ဧပြီလ (၁၅)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု ပြီးစီးသွားခြင်းဖြစ်သည်။ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်း လိပ်ပြာကန်ပတ်လမ်းမှ ရှင်စောပုလမ်းထိ RC Precast ရေမြောင်း၊ ပလက်ဖောင်း တစ်ဘက်ကို (၂၀၃၂ )ပေ၊ နှစ်ဘက်အတွက် (၄၀၆၄) ပေ၊ အကျယ် (၃) ပေ၊ အမြင့်(၃)ပေအား ကုန်ကျငွေ ကျပ်သိန်း(၂၇၈၂ )သိန်းဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။