Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကုသရေးဦးစီးဌာန / ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်

ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်

ဇူလိုင် ၂၇ (ပဲခူး)

================================================

          ဇူလိုင်လ(၂၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊  တော်ဝင်ဟံသာခန်းမ၌ ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က လပတ်အစည်းအဝေးများ၌ ရာသီအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးခြင်းနှင့် ရာသီတုပ်ကွေးရောဂါများ၏ နောက်ဆက်တွဲ ဖြစ်စဉ်များ မဖြစ်ပွားရေး၊ ကြိုတင်ကာကွယ်ရေးတို့ ဆောင်ရွက်ထားရန် မှာကြားခဲ့ပြီးလည်းဖြစ်ကြောင်း၊ မကြာမီကာလမှ ဖြစ်ပေါ်ခဲ့သည့် A(H1N1) ရောဂါပိုးသည် ပြည်နယ်/တိုင်းဒေသကြီး အချို့မှာဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ဖြစ်ပွားနေကြောင်း၊ ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ မဖြစ်ပွား သေးသည့် ဒေသများ၊ မြို့များသို့ ပြန့်ပွားမှုမရှိစေရန်၊ ဖြစ်ပွားရာဒေသများကိုလည်း ထိန်းချုပ်ကာကွယ် သွားမည့်နည်းလမ်းများ၊ ရောဂါဖြစ်ပွားခဲ့သည့် ကျန်ရှိသူမိသားစုများကို စောင့်ကြည့်ခြင်းစသည့် ဆောင်ရွက်ချက်များကို အဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေး  ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ လိုအပ်သည်များကို တင်ပြပေးရန် ပြောကြားသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက ရာသီအလိုက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး၊ အရေးပေါ်ဌာနလည်း မြို့နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနများတွင် ထားရှိပြီး ဖြစ်ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင်   စတင်ဖြစ်ပွားခဲ့ပြီး မျိုးရိုးဗီဇ ပြောင်းလဲကာ Type A, Type B, Type C အုပ်စု(၃)စု ခွဲသွားပါကြောင်း၊ ယခုလူများတွင် ဖြစ်ပွားသည့် ပြင်းထန်အဆုပ်ရောင်ရောဂါသည် A(H1N1) နှင့် A(H3N2) (၂)မျိုးသာ ဖြစ်ပွားပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရောဂါစတင် ဖြစ်ပွားမှု အခြေအနေမှာ ရာသီအလိုက် တုပ်ကွေးရောဂါဖြစ်ပွားသူ (၆)ဦးရှိပြီး (၄)ဦးမှာ A(H1N1) ရောဂါဖြစ်ပွားသည့် ဆေးစစ်ချက်ရရှိခဲ့ကြောင်း၊ ပဲခူးမြို့နယ်မှ ရန်ကုန်ပြည်သူဆေးရုံကြီးတွင် တက်ရောက် ကုသနေစဉ် (၁)ဦးသေဆုံးခဲ့ပါကြောင်း၊ ပဲခူးအထွေထွေရောဂါကုဆေးရုံတွင် A(H1N1)  ဆေးစစ်ချက် အတည်ပြုပြီးသူ (၁)ဦး တက်ရောက်ကုသနေပြီး သီးသန့်ဆောင်တွင် အထူးကြပ်မတ်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပါကြောင်း၊ အဓိကအားဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး အထက(၁)တွင် ရာသီတုပ်ကွေးရောဂါ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးနိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ပြင်းထန်အဆုပ်ရောင်ရောဂါသည် လူတိုင်းတွင် ရောဂါဖြစ်ပွား နိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများ၊ နာတာရှည် ရောဂါခံစားနေရသူများ၊ ကိုယ်ခံအား ကျဆင်းနေသူများတွင် ရောဂါကူးစက် ခံရပါက ပိုမိုပြင်းထန်စွာ ခံစားရပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါကြောင်း၊ A(H1N1) ရောဂါသည် အသက်ရှုလမ်း ကြောင်းမှတစ်ဆင့် ကူးဆက်ဖြစ်ပွားနိုင်ခြင်းကြောင့် လူတစ်ဦးတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားသင့်ကြောင်းနှင့် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း လက်ကိုင်ပုဝါဖြင့် အသုံးပြုရန်နှင့် လက်ကိုစင်ကြယ်အောင် ဆေးကြောသင့်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ဝန်ကြီးများက ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အမှိုက်စွန့်ပစ်စနစ်တို့သည် အရေးကြီးပါကြောင်း၊ အသက်ရှင်နေထိုင်ရေးသည် လူ့အခွင့်အရေး၏ အမြင့်ဆုံးလိုအပ်ချက်ဖြစ်ပါကြောင်း၊ တိရိစ္ဆာန်မှတစ်ဆင့် လူသို့ ရောဂါကူးစက်မှု မကျရောက်စေရန် မွေးမြူရေးခြံများ၊ ငါးကန်များအား စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်လိုအပ် ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်က မိမိတို့ဌာနအနေဖြင့် ခရိုင်/ မြို့နယ်/ ရပ်ကွက်ကျေးရွာများအထိ ပြည်သူ့ကျန်းမာ ရေး အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူမှုရေး ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။

          ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာ A(H1N1)ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက် တိကျမြန်ဆန်ရန်၊ ကုသရေးအပိုင်းအတွက် လိုအပ်ချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီတင်ပြပေးရန်၊ မိမိတို့အစိုးရအဖွဲ့မှလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။