Home / ပြည်မြို့နယ် / ပြည်ခရိုင်အတွင်းရှိ မြစ်ကျောက်စရစ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပြည်ခရိုင်အတွင်းရှိ မြစ်ကျောက်စရစ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

စက်တင်ဘာ ၃ (ပဲခူး)

===================================

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြစ်ကျောက်စရစ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြစ်ကျောက်စရစ်ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင် မြစ်ချောင်းအင်းအိုင်များကို ထိခိုက်မှုမရှိအောင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ပေးကြရန်၊ လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင်လည်း သက်ဆိုင်ရာဌာနများက သေချာစွာလေ့လာစီစစ်ပြီး သတ်မှတ်ထားသော ဥပဒေ/ နည်းဥပဒေ/ စည်းမျဉ်း/စည်းကမ်းများအတိုင်း ထုတ်ပေးရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တွေ့ရှိရသည့် လုပ်ငန်းအခက်အခဲများကို တင်ပြပေးရန် ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် ထုတ်ယူခွင့်သတ်မှတ်ထားသော အရေအတွက်အတိုင်း နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိအောင် မှန်ကန်စွာထုတ်ယူစေရန်၊ ကျောက်လုပ်ကွက် လိုင်စင်ထုတ်ပေးရာတွင် မျှတမှုရှိအောင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးရန်၊ လုပ်ကိုင်ခွင့်မရရှိသေးခင် လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးကုန်ကျမှုများရှိနေခြင်းကြောင့် မည်သည့်အတွက် ကုန်ကျမှုရှိနေသည်ကို သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးရန်၊ လုပ်ငန်းချိန်သတ်မှတ်ပေးရန်၊ စောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းထားရှိရန်၊ လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခြင်းမပြုစေဘဲ ပွင့်လင်းမြင်သာစွာဖြင့် ဒေသခံပြည်သူများ ပေါင်းညှိနှိုင်းပြီးမှသာ ဆောင်ရွက်ကြရန် ဆွေးနွေးတင်ပြရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမင်းသိန်း၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက မြစ်ကျောက်စရစ် ထုတ်လုပ်ခွင့်ပြုရန် လုပ်ငန်းအဆင့်ဆင့်နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးတင်ပြသည်။

ယင်းနောက် မြစ်ကျောက်စရစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်ပြုလုပ်ရန် သတ်မှတ်ထားရှိသော လိုအပ်သည့်စာရွက်စာတမ်း ထောက်ခံချက်များ ပြုလုပ်ရာတွင် မလိုလားအပ်သော ကြန့်ကာနေမှုအား မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြရာ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ပြည်ခရိုင်အတွင်း မြစ်ကျောက်စရစ် ထုတ်မှုကဏ္ဍနှင့် လုပ်ကိုင်ခွင့်ပြုထားမှု၊ သက်ဆိုင်ရာဌာန အဆင့်ဆင့်၏ လုပ်ဆောင်ချက်၊ ကြီးကြပ်မှုအပိုင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြေကြားကာ ပြည်ခရိုင်အတွင်းရှိ လျှပ်စစ်မီးနှင့် ဝေးကွာနေသော ဒေသများအတွက် ဆိုလာမီးအစုံ(၃၀)အား ဝန်ကြီးချုပ်မှ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်တို့တွင် ၂၀၁၇-၂၀၁၈ခုနှစ်အတွက် မြစ်သဲ/ကျောက်စရစ် ထုတ်လုပ်ရန် လုပ်ငန်းရှင်(၆၈)ဦး လျှောက်ထားခဲ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သထေားရရှိသည့် လုပ်ကွက်လျှောက်ထားသူ (၁၉)ဦးအား လုပ်ငန်းလုပ်ဆောင်ခွင့် ပြုပေးထားပြီး ဖြစ်သည်။

ဆက်လက်၍ တည်ဆောက်ရေး(၂)ဆည်မြောင်းခန်းမတွင် Myanmar Engineering Societyမှ ဖွင့်လှစ်သောTechnical Course(3/2017) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့်အပြင် မြို့သန့်ရှင်းသာယာလှပရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန် စီးဆင်းစေရေးအတွက် ကြည့်ရှုစစ်ဆေးခြင်း၊ ဓမ္ပရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ စွန့်လွှတ်မြေ ပြန်လည်ပေးအပ်သည့်ကိစ္စနှင့် ပတ်သက်၍ ထမ္မကောက်ကျေးရွာ၊ ပန်းတင်ကျေးရွာ၊ စံပြရွာ၊ ညောင်ဝန်းကျေးရွာ၊ တီတွဒ်မြရတနာကျေးရွာ စသည့်ကျေးရွာများရှိ ပြည်သူများနှင့်တွေ့ဆုံခြင်း၊ ဝက်ထီးကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဝက်ထီးကန်မြို့ ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ ဒေသအတွက်လိုအပ်ချက်များ တင်ပြမှုအား ပေါင်းစပ်ညှိနှိင်း ဖြေရှင်းပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ မြစ်ကျောက်စရစ်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။