Home / ပဲခူးမြို့နယ် / ပြည်တွင်းထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသောစျေးကွက်တစ်ခု ရရှိစေရန် တရုတ်ကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေး

ပြည်တွင်းထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသောစျေးကွက်တစ်ခု ရရှိစေရန် တရုတ်ကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေး

ဇွန် ၆ (ပဲခူး)

====================

          ဇွန် (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ ပြည်တွင်းထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသောစျေးကွက် တစ်ခုရရှိစေရန် တရုတ်နိုင်ငံအခြေစိုက် China Assurance Finance Group Limited- Nanning Commodity Exchange မှ လုပ်ငန်းရှင်များ လာရောက်တွေ့ဆုံခဲ့သည်။

          ရှေးဦးစွာ China Assurance Finance Group Limited- Nanning Commodity Exchange, CEO မှ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး တောင်သူလယ်သမား အများစုနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီသည် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် သီးနှံများအား တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသော စျေးကွက်တစ်ခုဖန်တီးပေးနိုင်ရန် လာရောက်ခဲ့ရခြင်းဖြစ်ပါ ကြောင်း၊ တောင်သူများအား အဆင့်မြင့်နည်းပညာ၊ စိုက်ပျိုးစရိတ်တို့အား ကူညီပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ပြီး နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မည့် ကုန်စည်ဒိုင်တစ်ခုကိုလည်း ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူအများစုဖြစ်သော တောင်သူလယ်သမားများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် တောင်သူများ၏ သီးနှံထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်များပေါ်တွင် မှီခိုနေရကြောင်း၊ သီးနှံအရည်အသွေးလျော့ ကျခြင်းသည် နည်းပညာကြောင့်ဖြစ်ပြီး ထိုက်သင့်သည့် စျေးနှုန်းမရရှိခြင်းမှာ စျေးကွက်ပျောက်ဆုံးနေမှုကြောင့်ဖြစ်ကြောင်း၊ ယခုအခါ အဆွေအတော်တို့ ကုမ္ပဏီအနေမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ ခိုင်မာသေစျေးကွက်တစ်ခု ဖန်တီး ပေးရန်ရောက်ရှိလာခြင်းကို ကြိုဆိုပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          အဆိုပါအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။