Home / ပဲခူးမြို့နယ် / ပြည်ထောင်စုမြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲ ကျင်းပပြုလုပ်

ပြည်ထောင်စုမြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ (၁၀) ပဲခူး

==========================================

အောက်တိုဘာလ (၁၀)ရက်နေ့၊ ညနေ(၆)အချိန်က ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ရွှေသာလျောင်း ဘုရားဝင်းရှိ သုဝဏ္ဏရွှေဘုံခန်းမ၌ ပြည်ထောင်စုမြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဒေါက်တာ အရှင်သူရိယ (ဥဿာသီရိစာသင်တိုက် နာယကချုပ် ဆရာတော်)အား ပင့်လျှောက်ကာ ဆရာတော်မှ သြဝါဒ ကထာ မြွတ်ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ခေါင်းဆောင်များက ငြိမ်းချမ်းရေးဆီမီးတိုင် ထွန်းညှိကြသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းဒန်က ဆုတောင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဗုဒ္ဓဘာသာမှ အရှင်ဥက္ကံသ(မဟာစေတီကန် ကျောင်း နာယကချုပ်ဆရာတော်)မှ ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်း ကောင်း၊ အစ္စလာမ်ဘာသာမှ ဓမ္မကတိက အလ်ဟဂျ်ခလီဖွာ ဆရာဦးအေးလွင်(M.Sc) ဦးဆောင် ဆော်သြရေးမှူး အစ္စလာမ်ဓမ္မဗိမာန် ရန်ကုန်မြို့မှ ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ခရစ်ယာန်ဘာသာမှ သိက္ခာတော်ရဆရာတော် ဖာသာစိန်မြင့်ကြည်က ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ဟိန္ဒူဘာသာမှ ဓမ္မဆရာ Rahul Dev က ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ဗုဒ္ဓဘာသာ မှ အရှင်သာသနာသီရိ(မြန်မာဂုဏ်ထူး ဓမ္ဓစရိယ၊ အောင်ဇေယျာစာသင်တိုက် နာယကချုပ် ဆရာတော်)က ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း အသီးသီး ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး တက်ရောက်လာကြသူများက ဆုတောင်းဖယောင်းတိုင် မီးညှိ ကိုင်ဆောင်ကြကာ စုပေါင်းမေတ္တာပို့သခဲ့ကြသည်။

ယင်းနောက် ပဲခူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဦးအောင်ခင်မှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါ ဆုတောင်းပွဲသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင် ဆောင်ရွက်လျက်ရှိသည့်  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများမှ ဆုတောင်းမေတ္တာပို့သသည့် ပွဲဖြစ်ကြောင်းနှင့် ယင်းဆုတောင်းပွဲအား အောက်တိုဘာလ (၁၇) (၂၄) (၃၁)ရက်နေ့များတွင်လည်း ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။