Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ ပဲခူးမြို့ အထက(၁)နှင့်(၃) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သင်္ချာဘာသာရပ်)ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ ပဲခူးမြို့ အထက(၁)နှင့်(၃) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သင်္ချာဘာသာရပ်)ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

မတ် ၉ (ပဲခူး)
=================================

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်တို့နှင့်အတူ ပဲခူးမြို့ အထက(၁)နှင့် အထက(၃)စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ(သင်္ချာဘာသာရပ်) ဖြေဆိုနေမှုအား လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးကျော်ဆင့်နှင့် ကြီးကြပ်ရေးမှူးတို့က လိုက်လံရှင်းလင်း ပြသကြသည်။
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာဖြေခန်း(၄၀)ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သင်္ချာဘာသာရပ်)တွင် စာရင်းရှိ(၁၁၈၆)ဦး၊ ဖြေဆိုသူ(၁၁၅၁)ဦး၊ ပျက်ကွက်သူ(၃၅)ဦးရှိသည်။ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာဖြေခန်း(၃၆)ခန်းရှိပြီး စာရင်းရှိ(၁၀၁၄)ဦး ဖြေဆိုသူ(၉၂၄)ဦး၊ ပျက်ကွက်သူ(၉၀)ဦး ရှိကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ပဲခူးမြို့နယ်အတွင်း စာစစ်ဌာန(၁၃)ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၇၉၈၈)ဦးရှိကြောင်း သတင်းရရှိသည်။