Home / ပဲခူးမြို့နယ် / ပြည်သူနှင့်အတူ ဝန်ကြီးချုပ်ကိုယ်တိုင် ရေကြီးနစ်မြှုပ်စိုက်ကွင်းများအတွင်း စပါးမျိုးများ ပြန်လည်စိုက်ပျိုးပေး

ပြည်သူနှင့်အတူ ဝန်ကြီးချုပ်ကိုယ်တိုင် ရေကြီးနစ်မြှုပ်စိုက်ကွင်းများအတွင်း စပါးမျိုးများ ပြန်လည်စိုက်ပျိုးပေး

သြဂုတ် ၁၀ (ပဲခူး)

=================================

ပဲခူးမြို့နယ်၊ မယင်းကျေးရွာအုပ်စု အကျဉ်းဦးစီးဌာန မိုးစပါးစိုက်ကွင်းတွင် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ရေကြီးနစ်မြှုပ်ပျက်စီးသွားသော လယ်မြေများ၌ မိုးစပါးပြန်လည်စိုက်ပျိုးခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက လုပ်ငန်းခွင်လုပ်ကိုင်နေသောဝန်ထမ်းများနှင့် ကောက်စိုက်သမအဖွဲ့တို့အား ကျေးဇူးတင်အားပေးစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးလှမြင့်က ရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ကွင်းများဆုံးရှုံးမှု၊ ပြန်လည်စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးဝန်ထမ်းများ၊ ကောက်စိုက်သမများနှင့်အတူ မယင်းကျေးရွာအနီးရှိ အကျဉ်းဦးစီးဌာနပိုင် မိုးစပါးစိုက်ကွင်းသည် ရေကြီးနစ်မြှုပ်မှုကြောင့်(၄၃)ဧကပျက်စီးသွားပြီး အရန်ပျိုး(ဆင်းသုခမျိုး)ဖြင့် (၁၈)ဧကပြန်လည် စိုက်ပျိုးထားရှိပြီးဖြစ်သည်။ ယနေ့တွင် ကျန်မစိုက်ပျိုးရသေးသော စိုက်ကွက်ဧကများအား စိုက်ပျိုးရေးဦးစီးဌာနမှ Drum Seeder စိုက်စနစ်ဖြင့် (မျိုးစေ့ချကိရိယာဖြင့်) (၁၅)ဧက၊ ပျိုးသက်နုဖြင့်(၁၀)ဧက၊ စုစုပေါင်း(၂၅)ဧကအား ပြန်လည်စိုက်ပျိုးပေးကြပြီး ကောက်စိုက်သမအဖွဲ့နှင့် ဝန်ထမ်းများအား အချိုရည်များ လက်ဆောင်ပေးအပ်ကြသည်။

အဆိုပါရေကြီးနစ်မြှုပ်ပျက်စီးသော လယ်ယာမြေများအား ပြန်လညစိုက်ပျိုးခြင်းကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စက်မှုလယ်ယာဦးစီးဌာနမှ စက်ကိရိယာများဖြင့်မြေပြု ပြင်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ်လ (၆)ရက်နေ့အထိ ကျေးရွာအုပ်စု (၆၄၂)အုပ်စုမှ တောင်သူပေါင်း(၉၈၆၆၀)ဦး၏ မိုးစပါးစိုက်ဧက (၉၄၂၃၁၄)ဧက၊ အခြားစိုက်ဧက(၂၇၇၂)ဧက၊ စုစုပေါင်း (၄၉၆၁၉၆)ဧက ရေလွှမ်းခဲ့ပြီး၊ ပြန်ပေါ် ဧက (၂၀၂၅၉၇)ဧက၊ ရေလွှမ်းဆဲဧက (၂၉၃၅၉၉)ဧက၊ ထိခိုက်ဧက (၈၆၀၆၆)ဧက၊ ပျက်စီးဧက (၅၇၇၁၅)ဧကနှင့် ပြန်လည်စိုက်ပျိုးပြီးဧက (၃၉၂၁၂)ဧကဖြစ်ကြောင်းနှင့် ပဲခူးမြို့နယ်အတွင်းတွင်လည်း ရေလွှမ်း(၂၅၅၀၀)ဧကကျော်၊ ထိခိုက်ပျက်စီး(၆၇၀၀)ဧကကျော်၊ ပြန်လည်စိုက်ပျိုးပြီး (၁၀၀၀)ဧကကျော်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။