Home / ပဲခူးမြို့နယ် / ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ လာရောက်တွေ့ဆုံ

ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ လာရောက်တွေ့ဆုံ

စက်တင်ဘာ ၆ (ပဲခူး)

=========================

စက်တင်ဘာလ ၆ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ ဒါရိုက်တာ ဦးနေလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။

ရှေးဦးစွာ ဦးနေလင်းက မြန်မာနိုင်ငံတွင် အင်တာနက် ဝန်ဆောင်မှုများသည် ပြင်ပနိုင်ငံများ ထက် ဈေးနှုန်းများပြားနေသဖြင့် အသက်သာဆုံး နှုန်းထားဖြင့် လူတိုင်းအင်တာနက် သုံးစွဲနိုင်စေရန် အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အင်တာနက်ဖြန့်ဝေပေးရာတွင် WiFi စနစ်ဖြင့် အသုံးပြုသွားမည်ဖြစ်ပြီး အများသုံးဧရိယာများဖြစ်သည့် ဘုရားများ၊ ပန်းခြံများ၊ စာသင်ကျောင်း များ၊ ဈေးများ၊ ကားဂိတ်များ စသည့်တို့တွင် Free WiFi Zone ပြုလုပ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ကုမ္ပဏီသည် Internet Gateway လိုင်စင်ရရှိထားပြီးဖြစ်၍ သက်သာသော နှုန်းထားဖြင့် ပြည်သူတစ်ဦးချင်းစီအတွက် အချိန်မရွေး၊ နေရာမရွေး (၁)ရက်လျှင် (၃၀၀)ကျပ်နှုန်း ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိပေးသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အင်တာနက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ(၄)ခုရှိကြောင်း၊ အင်တာနက် ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများ ရှိခြင်းကြောင့် သုံးစွဲသူပြည်သူများအတွက် ဈေးနှုန်းသက်သာမှု အခွင့်အလမ်းများ ရရှိနိုင်သလို တိုင်းပြည်အတွက်လည်း အခွန်ဝင်ငွေ ပိုမိုရရှိနိုင်ကြောင်း၊ ပဲခူးမြို့တွင်သာမက ကျန်ရှိသည့် ခရိုင်/ မြို့နယ်များတွင်လည်း သက်သာသောနှုန်းထားဖြင့် အင်တာနက် ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေး စေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးဆက်သွယ်ရေး မန်နေဂျာနှင့် Tiir Co., Ltd ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။