Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် သင့်တင့်သော အခွန်နှုန်းထားများ ပေးဆောင်နိုင်သည့် စက်မှုလုပ်ငန်းများဖြစ်ရန် ဝန်ကြီးချုပ် တိုက်တွန်း

ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် သင့်တင့်သော အခွန်နှုန်းထားများ ပေးဆောင်နိုင်သည့် စက်မှုလုပ်ငန်းများဖြစ်ရန် ဝန်ကြီးချုပ် တိုက်တွန်း

ဇွန် ၁၆ (ပဲခူး)

==================================================

          ဇွန်လ(၁၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ခေတ်ကာလ အခြေအနေအရ စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသော်လည်း မြေငှားရမ်းခ အခွန်နှုန်းထား သတ်မှတ်ချက်သည် ယခင်ကာလများ အတိုင်းသာ ရှိနေသေးကြောင်း၊ ဒါကြောင့် စက်မှုလုပ်ငန်းရှင်များအား ခေါ်ယူပြီး ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေမည့် အခွန်နှုန်းထားများ သတ်မှတ်ပေးနိုင်ရေးဖြစ်ကြောင်း၊ တချို့လုပ်ငန်းရှင် များသည် မြေနေရာရယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်း၊ ဒီလိုအခြေအနေများကြောင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ၊ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများ၊ ဈေးကွက်များ ဆုံးရှုံးနေကြောင်း၊ ဒါကြောင့် အမှန်တကယ် အလုပ်လုပ်ကိုင်နေသည့် စက်မှုလုပ်ငန်းရှင်များကို အစိုးရမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်ခြင်းမရှိဘဲ မြေနေရာ ရယူထားသူ များအား မြေခွန်နှုန်းထားသစ်များ သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာ သည့် လုပ်ငန်းရှင်များမှလည်း ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေး၊ တိုင်းပြည် အတွက် ခေတ်ကာလနှင့်ကိုက်ညီသည့် အခွန်များပေးဆောင်နိုင်ရေး အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးခရိုင်/ တောင်ငူခရိုင်/ ပြည်ခရိုင်တို့ရှိ စက်မှုလုပ်ငန်းရှင်အသီးသီးတို့မှ မိမိတို့ စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အစိုးရမှ ပြန်လည်ပံ့ပိုးပေးရမည့် အခြေအနေများနှင့် ခေတ်ကာလနှင့် ကိုက်ညီသည့် မြေငှားရမ်းခ အခွန်နှုန်းထားဖြစ်စေရေး မိမိတို့ခရိုင်အလိုက် လုပ်ငန်းရှင် များနှင့် ပြန်လည်ဆွေးနွေးပြီး အစိုးရအဖွဲ့သို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          အစည်းအဝေးသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူး/ တောင်ငူ/ ပြည်ခရိုင်တို့မှ စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။