ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်

မေ ၂၈ (ပဲခူး)

==================================

မေလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများကို ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌထံ လွှဲပြောင်းပေးအပ်ပြီး ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ(၅၀)စီးနှင့် အသက်ကယ်အင်္ကျီ (၄၅၁၀)ထည်တို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် Semas Myanmar ကုမ္ပဏီနှင့် Sun Shine ကုမ္ပဏီတို့ထံမှ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးပို့လျှက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ မဒေါက်ဒေသသည် နှစ်စဉ်ရေကြီး ရေလျှံမှုများကြုံတွေ့နေရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ(၂)စီး၊ အသက်ကယ်အင်္ကျီ(၂၀)ထည်အား ပေးအပ်ခြင်းဖြစ်ပြီး ပြည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေ(၃)စီး၊ အသက်ကယ်အင်္ကျီ(၃၀)ထည်၊ ရွှေတောင်မြို့နယ်အတွက် ဖိုက်ဘာစက်လှေ(၁)စီး၊ အသက်ကယ်အင်္ကျီ(၁၀)ထည်၊ မိုးညိုမြို့နယ်အတွက် ဖိုက်ဘာစက်လှေ(၂)စီး၊ အသက်ကယ်အင်္ကျီ(၂၀)ထည်တို့အား လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။