Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

အောက်တိုဘာ ၂ ( နေပြည်တော် )
=====================================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်(၃/၂၀၁၇) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အတွင်းရေးမှူး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေး တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို အတည်ပြုပေးရန်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြု ထောက်ခံ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန်ဖြစ်ပါ ကြောင်း။
၂၀၁၇ ခုနှစ်၊ မတ် ၂၄ ရက်တွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့ပါကြောင်း၊ ယခုအခါ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ပထမ(၆)လ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ပထမ(၆)လတာကာလအတွင်း ပြည်ထောင်စု အဆင့်ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များက ၎င်းတို့၏ အရ၊ အသုံးအခြေ အနေပေါ်မူတည်၍ ဖြည့်စွက် ခွင့်ပြုငွေ များတင်ပြတောင်းခံလာခြင်းကြောင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့က ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ နှင့်အညီ တင်သွင်းရမည် ဖြစ်ပါကြောင်း။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများကို အောက်တို ဘာလအတွင်း ကျင်းပရန်ရှိသည့်အတွက် ယခုဥပဒေကြမ်းကို အောက်တိုဘာ ဒုတိယပတ် အတွင်းတွင် လွှတ်တော် သို့ပေးပို့ရန် လျာထားဆောင်ရွက်မည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒုတိယသမ္မတ က ထပ်ဆင့်စိစစ်ထားပြီးဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုများကိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဒုတိယသမ္မတ က စိစစ်ထားပြီးဖြစ်ပါကြောင်း။
ဒုတိယသမ္မတများ စိစစ်ပြီးသည့် ဘဏ္ဍာငွေအရအသုံးစာရင်းများအရ ပြုပြင်ပြီး ခန့်မှန်းခြေ အရအသုံးစာရင်းတွင် လိုငွေကျပ် ၃၉၉၅ ဒသမ ရ၉၅ ဘီလီယံ ဖြစ်ပေါ်သည်ကို တွေ့ရပါကြောင်း၊
မူလခန့်မှန်းခြေအရအသုံးစာရင်း လိုငွေမှာ ငွေကျပ် ၃၉၈၉ဒသမ၅၆၈ ဘီလီယံ ဖြစ်သည့်အတွက်လိုငွေကျပ် ၆ဒသမ၂၂၇ ဘီလီယံပိုမိုလာခဲ့ပါကြောင်း၊ လိုငွေနှင့်ဂျီဒီပီအချိုးမှာ မူလခန့်မှန်းခြေတွင် ၄ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်း ခြေတွင် ၄ဒသမ၃၈ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကိုစိစစ်ရာတွင် လိုငွေအနည်းငယ် ပိုမိုသွားရခြင်းမှာ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုအချို့ကို အဆင့်ဆင့်စိစစ်ပြီးမှ ခွင့်ပြုသင့်သော အသုံးစရိတ်များကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်နှင့် ရခိုင်ပြည်နယ်ခြံစည်းရိုးကိစ္စ၊ မေယုတောင်တန်းဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ရေးကိစ္စ စသည့် အသုံး စရိတ်များကဲ့သို့ မဖြစ်မနေခွင့်ပြုပေးခဲ့သည့် အသုံး စရိတ်များလည်း ပါ၀င်ပါကြောင်း။
နိုင်ငံခြားငွေလဲလှယ်နှုန်းကွာခြားမှုတွင် လိုငွေကိုတောင်းခံကြခြင်း၊ ထပ်မံခန့်အပ်မည့် ၀န်ထမ်းအသစ်များအတွက် လစာငွေ၊ မြေယာလျော်ကြေး၊ နိုင်ငံတော်သို့ပေးဆောင်ရမည့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ စသည်တို့ကို အဓိကထား တောင်းခံကြသည်ကို တွေ့ရပါကြောင်း၊ ထပ်မံရရှိလာမည့် ပြည်ပအကူအညီရငွေ၊ ပြည်ပ ချေးယူရငွေများအတွက်ကိုလည်း ထပ်မံလျာထားခွင့်ပြုထားပါကြောင်း၊
တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဘက်ညီဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ပြည်ထောင်စုက ထပ်မံခွဲဝေပေးသည့် အခွန်ဝေစုများအပါအဝင် မူလခန့်မှန်း ခြေတွင် ပြည်ထောင်စုက ထောက်ပံ့ပေးထားသည့်ငွေထက် ငွေကျပ် ၁၅ ဒသမ ၃၄၄ ဘီလီယံ ပိုမိုထောက်ပံ့ပေးရန် လျာထားသည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း။
လိုငွေပမာဏများပြားသည်နှင့်အမျှ နိုင်ငံတော်၏ ပြည်တွင်း ကြွေးမြီဝန်ထုပ်ဝန်ပိုး တစ်နှစ်ထက်တစ်နှစ်ပိုမိုလာမည်ကို ရှောင်ရှား နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မူလခန့်မှန်းခြေအတိုင်း လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း GDP growth rate ကို ၇ ရာခိုင်နှုန်း ရရှိစေရန် မျှော်မှန်းထားပါကြောင်း၊ ကမ္ဘာ့ဘဏ်က ၇ ရာခိုင်နှုန်း ခန့်မှန်းထားပြီး အပြည်အပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ၇ ဒသမ ၅ရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်က ၈ ဒသမ ၃ ရာခိုင်နှုန်း ခန့်မှန်းထား ကြောင်းသိရပါကြောင်း၊ မျှော်မှန်းထားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရရှိနိုင်ရန် နိုင်ငံတော် ဘတ်ဂျက်အပါအဝင် နိုင်ငံတော်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာ အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁) နှစ်ခွဲတာ ကာလအတွင်း ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ အားလုံး၏ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အလေအလွင့်မရှိအောင် သုံးစွဲရေးကို အလေးထားကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း။
လွှတ်တော်အသီးသီး၏ ဝိုင်းဝန်းထိန်းသိမ်းစောင့်ကြည့် ကြပ်မတ်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကရှင်းလင်းတင်ပြမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုနှင့် စိစစ်မှု၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ငွေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေးပြီး အတည်ပြုပေးနိုင်ရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စိစစ်ရာတွင် သာမန်အသုံးစရိတ်တွင် ငွေကျပ် ၁၀၀၈ ဒသမ၃၃၅ ဘီလီယံ၊ငွေလုံးငွေရင်း အသုံးစရိတ်တွင် ငွေကျပ် ရ၂၇ ဒသမ ၂၀၉ ဘီလီ ယံ၊ ကြွေးမြီအသုံး စရိတ် တွင်ငွေကျပ် ၂၀၁ ဒသမ ရ၃၉ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီး ငွေတွင် ငွေကျပ် ၅၅၂ ဒသမ ၃၄၂ဘီလီယံ နှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီ အစဉ်ပြင်ပတွင်ဆောင်ရွက်သောဌာန၊ အဖွဲ့အစည်းများ၏တိုးမြှင့်သုံးစွဲငွေတွင် ငွေကျပ် ၅၅ ဒသမ ၁၁၂ ဘီလီယံ၊စုစုပေါင်းဖြည့်စွက် ခွင့်ပြုတောင်းခံမှုငွေကျပ်၂၅၄၄ ဒသမ ရ၃၇ ဘီလီယံဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ မှဖြည့်စွက်ခွင့်ပြုငွေတောင်းခံခဲ့မှုများကို စိစစ်ခဲ့ရာ သာမန်အသုံးစရိတ်ပိုင်းတွင်ဝင်ငွေခွန် ၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ ကုန်သွယ်လုပ်ငန်းခွန်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လိုအပ်လာသည့် အသုံးစရိတ်များ၊ အမှန်လိုအပ်သောလစာ၊ ပင်စင်၊ ခရီးစရိတ်၊ အတိုးပေးငွေများ၊ ငွေလုံးငွေရင်းအသုံးစရိတ်ပိုင်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အမျိုးသားစီမံကိန်း ဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေ မလုံလောက်သည့် ကိစ္စများနှင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် ကိစ္စများကိုသာစိစစ်ခွင့်ပြုခဲ့ပါကြောင်း။
ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ မူလခန့်မှန်းခြေအသုံးစရိတ် ငွေကျပ် ၂၀၅၉၄ ဒသမ ၁၆၅ဘီလီယံဖြစ်ပြီး၊ ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၅၄၄ ဒသမ ရ၃၇ ဘီလီယံအပါအဝင်ပြုပြင်ပြီးခန့်မှန်းခြေအသုံးစရိတ်မှာ ငွေကျပ် ၂၂၈၃၀ ဒသမ ရ၂၇ ဘီလီယံဖြစ်ပါကြောင်း၊ ရငွေဘက်တွင် မူလခန့်မှန်းခြေရငွေသည် ငွေကျပ် ၁၆၆၀၄ ဒသမ ၅၉၇ဘီလီယံဖြစ်ပြီးပြုပြင်ပြီးခန့်မှန်းခြေရငွေသည်ကျပ် ၁၈၈၃၄ ဒသမ ၉၃၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရလိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၃၈ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ မူလခန့်မှန်းခြေလိုငွေနှင့် ဂျီဒီပီအချိုး ၄ ဒသမ ၃၇ ရာခိုင်နှုန်း ထက် အနည်းငယ်သာပိုမိုမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မူလခန့်မှန်းခြေလိုငွေကျပ် ၁၇၀၇ ဒသမ ၅၈၀ဘီလီယံကိုပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ်စုစုပေါင်းငွေကျပ် ၃၂ ဒသမ ၂၀၀ဘီလီယံကိုလည်း ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး၊ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှု၊ စိစစ်လျှော့ချမှုနှင့် ခွင့်ပြုထားရှိမှုအခြေအနေများမှာ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ငွေကျပ် ၃၁၆ ဒသမ ၄၄၇ဘီလီယံစိစစ်လျှော့ချမှုငွေကျပ် ၅၄ ဒသမ ၆၆၂ ဘီလီယံဖြစ်ပြီးဖြည့်စွက်ခွင့်ပြုငွေခွင့်ပြုမှုမှာ ငွေကျပ် ၂၆၁ ဒသမ ရ၈၅ ဘီလီယံ ဖြစ်ပါ ကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေအရ အသုံးအခြေအနေအရ လိုငွေပြ ဘတ်ဂျက်ပုံစံဖြင့် သွားနေရသည်ကို နားလည်သိရှိပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိနိုင်မှု အရင်းအမြစ်များအပေါ်တွင် မူတည်၍သာ သုံးစွဲရမည်ကို သတိချပ်စေလိုကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်များ၏လိုငွေဖြစ်ပေါ်မှုများကိုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ပုဒ်မခွဲ(ဂ)ပါ ပြဋ္ဌာန်းထားချက်နှင့်အညီ ပြည်ထောင်စုက ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများအပေါ် စိစစ်ခွင့်ပြုထား သောဖြည့်စွက် ခွင့်ပြုငွေ ငွေကျပ်၂၆၁ ဒသမ ရ၈၅ဘီလီယံနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းအရ ပြည်ထောင်စုက ထပ်မံထောက်ပံ့ ပေးရမည့်ငွေကျပ် ၁၅ ဒသမ ၃၄၄ဘီလီယံတို့ကိုဘဏ္ဍာရေးကော်မရှင်ကဆွေးနွေး သုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများ အနက် မဖြစ်မနေပေးချေရမည့် အသုံးစရိတ်များ၊ နိုင်ငံတော်အတွက် ဝင်ငွေရရှိမည့် အသုံးစရိတ်များဖြစ်သော ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ စသည့် အသုံးစရိတ်များကို ဖြတ်တောက်မှုမပြုဘဲ ခွင့်ပြုခဲ့ပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု အခြေအနေမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရာတွင် သာမန်အသုံးစရိတ် ငွေကျပ် ၁၀၄၁ ဒသမ ၆၇၇ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ရ၄၇ ဒသမ ရ၂၅ ဘီလီယံ၊ ကြွေးမြီအသုံးစရိတ် ငွေကျပ် ၂၀၂ ဒသမ ၉၉၃ ဘီလီယံနှင့် လုပ်ငန်းသုံးရင်းနှီးငွေ ငွေကျပ် ၅၅၂ ဒသမ ၃၄၂ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၂၅၄၄ ဒသမ ရ၃၇ ဘီလီယံ ဖြစ်ပါကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် အကြောင်းအရာနှင့် လုပ်ငန်းအမျိုးအစား များမှာ လစာ၊ စရိတ်ချီးမြှင့်ငွေ၊ ပင်စင်၊ အတိုးပေးငွေ၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ ထပ်မံရရှိသည့် ပြည်ပအကူအညီရငွေ၊ ချေးငွေရယူခြင်းအတွက် တောင်းခံခြင်း၊ အခြားမဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နိုင်ငံခြားငွေ လဲလှယ် နှုန်း ကွာခြားမှုအရ တောင်းခံငွေတို့ ဖြစ်ပါကြောင်း။
ဒုတိယသမ္မတများ စိစစ်ပြီးသော ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို အခြေခံ၍ ရေးဆွဲရရှိသည့် ပြည်ထောင်စု၏ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းမှာ စုစုပေါင်းရငွေ ငွေကျပ် ၁၈၈၃၄ ဒသမ ၉၃၂ ဘီလီယံ၊ စုစုပေါင်းသုံးငွေ ငွေကျပ် ၂၂၈၃၀ ဒသမ ရ၂၇ ဘီလီယံ၊ လိုငွေကျပ် ငွေကျပ် ၃၉၉၅ ဒသမ ရ၉၅ ဘီလီယံ ဖြစ်ပါကြောင်း၊ လိုငွေနှင့်ဂျီဒီပီအချိုး ၄ ဒသမ ၃၈ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများအား ဒုတိယ သမ္မတက စိစစ်ပြီးသည့်အခါ ငွေကျပ် ၂၆၁ ဒသမ ရ၈၅ ဘီလီယံ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ရငွေအပိုင်းတွင် မူလခန့်မှန်းခြေတွင် ငွေကျပ် ၂၄၇၄ ဒသမ ၉၄၂ ဘီလီယံ၊ ပြုပြင်ပြီးခန့်မှန်းခြေတွင် ငွေကျပ် ၂၇၁၀ ဒသမ ၈၄၅ ဘီလီယံ ဖြစ်သည့်အတွက် ငွေကျပ် ၂၃၅ ဒသမ ၉၀၃ ဘီလီယံ တိုးတက်ရရှိပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်သုံးငွေအပိုင်းတွင် မူလခန့်မှန်းခြေတွင် ငွေကျပ် ၂၄၇၄ ဒသမ ၉၄၂ ဘီလီယံ၊ ပြုပြင်ပြီးခန့်မှန်းခြေတွင် ငွေကျပ် ၂၇၁၀ ဒသမ ၈၄၅ ဘီလီယံ ဖြစ်သဖြင့် ငွေကျပ် ၂၃၅ ဒသမ ၉၀၃ ဘီလီယံ ပိုမိုလာပါကြောင်း၊ လိုငွေ ငွေကျပ် ၁၇၂၂ ဒသမ ၉၂၄ ဘီလီယံ ဖြစ်သဖြင့် မူလခန့်မှန်းခြေတွင် ပြည်ထောင်စုမှ ထောက်ပံ့ထားသည့် ငွေကျပ် ၁၇၀၇ ဒသမ ၅၈၀ ဘီလီယံအပြင် ငွေကျပ် ၁၅ ဒသမ ၃၄၄ ဘီလီယံ ထပ်မံ ထောက်ပံ့ရမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ တိုင်းဒေကြီးနှင့် ပြည်နယ်များအလိုက် ရငွေ၊ အခွန်ငွေ၊ အသုံးစရိတ်၊ ငွေလုံးငွေရင်းတောင်းခံမှု၊ ဖြည့်စွက် ရန်ပုံငွေတောင်းခံမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုက နောက်ထပ်ဘဏ္ဍာငွေများ ခွဲဝေပေးမှုမှာ အဓိကအား ဖြင့်မူလခွင့်ပြုချက်ရရှိပြီး မဖြစ်မနေသုံးစွဲရန် ထပ်မံလိုအပ်သည့် အသုံးစရိတ်များ၊ နိုင်ငံတော်နှင့် ပြည်သူ့ုအကျိုးအတွက် အချိန်မီ ပြီးစီးနိုင်ရန်အလို့ငှာ သုံးစွဲရသည့် အသုံးစရိတ်များ နိုင်ငံတော်တွင် ရငွေတိုးတက်ရရှိရန် သုံးစွဲရသည့် အသုံးစရိတ်များ အတွက် ဖြစ်ပါကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံလာတိုင်း ခွင့်ပြုနိုင်မည် မဟုတ်ဘဲ ဘတ်ဂျက်လိုငွေကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရေး၊ မူလခန့်မှန်း ငွေက လိုငွေနှင့် ဂျီဒီပီအချိုးထက် များစွာကွာဟမသွားစေရေးကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေများတောင်းခံကြရာတွင် မူလခန့်မှန်းခြေမှာ တစ်နှစ်စာခွင့်ပြု ခွဲဝေထား ပြီးဖြစ်သည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရန်မရှိလေ ကောင်းလေဖြစ် ပါကြောင်း၊ စီမံကိန်းအပြီးသတ်နိုင်ရန်ဖြစ်စေ၊ လုံခြုံရေးရှုထောင့်အရ အရေးကြီး၍ဖြစ်စေ၊ နိုင်ငံတော်၏ရငွေ ထပ်မံတိုးတက်စေရန်အတွက်ဖြစ်စေ၊ အသုံးစရိတ်ထပ်မံလိုအပ်သည့် အခါမှသာ တောင်းခံသင့်ပါကြောင်း၊ မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေတို့မှာ များစွာ မကွာသင့်သည်ကိုလည်း ဂရုပြုရန်လိုအပ်ပါကြောင်း။
ဘဏ္ဍာရေးကော်မရှင်က စိစစ်ထောက်ခံပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သည့် ဖြည့်စွက်ခွင့်ပြုငွေတင်ပြမှုစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို လွှတ်တော်၌ ဆွေးနွေးစဉ်မှာလည်း လွှတ်တော်၏စိစစ်ဆောင်ရွက်မှုများကို ဌာနအဖွဲ့ အစည်းများက ၀ိုင်းဝန်းပူးပေါင်းကူညီပေးကြရန်လိုကြောင်း၊ မိမိတို့ တင်ပြတောင်းခံမှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ရှင်းလင်းတင်ပြကြရန်လိုကြောင်း၊ မူလခွင့်ပြုငွေ၊ ဖြည့်စွက်ခွင့်ပြုငွေတို့နှင့် မိမိတို့၏ စီမံကိန်းရည်မှန်းချက်များကို အောင်မြင်ပေါက်မြောက်အောင် ကျန်ရှိနေသည့်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဦးထိပ်ထားပြီး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်းမှာကြားသည်။