Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စီမံကိန်း ရေးဆွဲရေးဦးစီးဌာန / ဘတ်ဂျက်လျာထားရေးဆွဲရာတွင် အုပ်ချုပ်မှုစရိတ်များ လျော့ချပြီး ကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် ဦးစားပေးလျာထားရေးဆွဲရန် ဝန်ကြီးချုပ်မှာကြား

ဘတ်ဂျက်လျာထားရေးဆွဲရာတွင် အုပ်ချုပ်မှုစရိတ်များ လျော့ချပြီး ကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် ဦးစားပေးလျာထားရေးဆွဲရန် ဝန်ကြီးချုပ်မှာကြား

မတ် ၉ (ပဲခူး)

==================

          မတ်လ ၉ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း (ပထမအကြိမ်)လျာထား လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်အား အကန့်အသတ်ဖြင့် သုံးစွဲနေရကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေး လိုသော်လည်း ရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်၍ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယ ဦးစားပေး စသည့်ဖြင့် ခွဲခြားရေးဆွဲရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် အုပ်ချုပ်မှုစရိတ်များ လျော့ချပြီး ကုန်ထုတ်လုပ်မှုကဏ္ဍာများအတွက် ဦးစားပေးလျာထားရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျေးလက်မီးလင်းရေး၊ လမ်း/တံတား၊ စည်ပင်စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဦးစားပေးအစီအစဉ်များတွင် ထည့်သွင်းရေးရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုး/မွေးမြူရေး ကဏ္ဍများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရေရှည်/ရေတို စီမံကိန်းများ လျာထားရေးဆွဲရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း လျာထားမှုအပေါ် ပြန်လည်ပြင်ဆင်နိုင်ရေး ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဌာနအလိုက် ဘတ်ဂျက်လျာထားမှုနှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်ပေးနိုင်မည့် အချက်များအား အသေးစိတ် ရှင်းလင်း တင်ပြခဲ့ကြသည်။

          ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း ရေးဆွဲပြီးပါက ပဲခူးတိုင်းဒေသကြီး လွှတ်တော်သို့ အတည်ပြုချက်ရယူကာ၊ ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်သို့ ဆက်လက်တင်ပြရ မည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါ အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။