Home / ပဲခူးမြို့နယ် / မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် MNTH Ltd မှ လာရောက်တွေ့ဆုံ

မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် MNTH Ltd မှ လာရောက်တွေ့ဆုံ

စက်တင်ဘာ ၁၂ (ပဲခူး)

================================================

စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Myanmar National Telecom Holdings Public Limited မှ Project Director ဦးဇော်မင်းအေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။

ရှေးဦးစွာ ဦးဇော်မင်းအေးက မိမိတို့ကုမ္ပဏီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသည့် စတုတ္ထမြောက် Operator “Mytel” ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ဆက်သွယ်ရေးဆိုဒ်များအား ဒိုက်ဦး မြို့နယ်တွင်(၁၀)ခု၊ ကဝမြို့နယ်တွင်(၇)ခု၊ ညောင်လေးပင်မြို့နယ်တွင်(၁၅)ခု၊ သနပ်ပင် မြို့နယ်တွင် (၈)ခု၊ ဝေါမြို့နယ်တွင် (၁၃)ခု၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ကြို့ပင်ကောက်မြို့နယ် တွင်(၈)ခု၊ လက်ပံတန်းမြို့နယ်တွင်(၁၂)ခု၊ မင်းလှမြို့နယ်တွင်(၁၁)ခု၊ မိုးညိုမြို့နယ်တွင်(၁၀)ခု၊ အုတ်ဖိုမြို့နယ်တွင်(၈)ခု၊ ပန်းတောင်းမြို့နယ်တွင်(၁၂)ခု၊ သဲကုန်းမြို့နယ်တွင်(၄)ခု၊ စုစုပေါင်း (၁၁၈)ခု ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင်များတွင် အသုံးပြုမည့် မီးစက်များအား (Super Silence Model)ဖြင့်သာ အသုံးပြုသွားမည်ဖြစ်၍ ပတ်ဝန်းကျင် အသံဆူညံမှု မဖြစ်နိုင်ပါကြောင်း၊ တာဝါတိုင်တည်ဆောက်ရာတွင် သုံးချောင်းထောက် တာဝါတိုင် အမျိုးအစားကို အသုံးပြုသွားမည်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ သဘောတူ ခွင့်ပြုချက်ဖြင့်သာ ဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများခြင်းအားဖြင့် ပြည်သူများ အတွက် ရွေးချယ်စရာ အခွင့်အလမ်းများ ပိုမိုရနိုင်လာနိုင်သည့်အပြင် တယ်လီဖုန်းဝန်ဆောင်ခများ လည်း ပိုမိုသက်သာလာနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အင်တာနက်ကို အခြေခံပြီး လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးလာနိုင်စေရန် အသိပညာပေးခြင်းများလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျေးရွာနေပြည်သူများအတွက် အနှောက်အယှက် မဖြစ်စေနိုင်သော နည်းလမ်းများဖြင့်သာ တာဝါ တိုင်တည်ဆောက်ခြင်းများ ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ ပူးတွဲ ဆောင်ရွက်စေလိုကြောင်းနှင့် တာဝါတိုင်အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး မထိခိုက်စေရန်လည်း လိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် Myanmar National Telecom Holdings Public Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။