Home / ပဲခူးမြို့နယ် / မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဟောပြောပွဲကျင်းပပြုလုပ်

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဟောပြောပွဲကျင်းပပြုလုပ်

ဇွန် ၂၁ (ပဲခူး)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ပဲခူးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊  ရွှေရတုခန်းမ၌ ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းမှ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအကြောင်း သိရှိစေရန်၊ သိရှိပြီးမိမိပါတ်ဝန်းကျင်ကိုလည်း အသိပညာများ ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက် လေ့လာမှတ်သားကြရန်လည်း လိုအပ်ကြောင်း၊ မူးယစ်ကင်းစင်ပြီး ပညာတတ်သော၊ နိုင်ငံနှင့် မိသားစုအပေါ် တာဝန်ကျေသောသူများဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ပြောကြား သည်။
ထို့နောက် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃)တာဝန်ခံအရာရှိ ရဲမှူးအောင်စိုးမှ “လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၆)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှုးမြင့်လွင်မှ “မူးယစ်အန္တရာယ်လူ့ရန်စွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဌ စာရေးဆရာမ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)မှ “လူသားထုကမ္ဘာမပျက်ဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့” ခေါင်းစဉ်ဖြင့်လည်း ကောင်းအသီးသီး အသိပညာပေးဟောပြောကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
အဆိုပါအခမ်းအနားသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး၊ လူကုန်ကူးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ နန်းတောရာရပ်ကွက်နှင့် ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။