Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စက်မှု ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန / မော်တော်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရေး ပထမအကြိမ် တွေ့ဆုံညှိနှိုင်း

မော်တော်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရေး ပထမအကြိမ် တွေ့ဆုံညှိနှိုင်း

ဇန်နဝါရီ ၁၂ (ပဲခူး)
==================================

ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ် ဧည့်ခန်းမ၌ ပဲခူးမြို့တွင်း မော်တော်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု များ ဖြေရှင်းနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့ (Yangon Region Transport Authority – YRTA)၏ အတွင်းရေးမှူး ဦးသန်းဝင်းက ပဲခူးမြို့ အတွင်း၌ ပြေးဆွဲမောင်းနှင်နေသည့် ဆိုင်ကယ်၊ (၃)ဘီးဆိုင်ကယ်နှင့် Hijet မော်တော်ယာဉ်များ အဓိကပြေးဆွဲနေသည်ကို သိရှိရကြောင်း၊ အပြောင်းအလဲတစ်ခု ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများရှိသည်ကို နားလည်ပါကြောင်း၊ အဓိကအားဖြင့် ခရီးသည်တင်ပြေးဆွဲနေသည့် မည်သည့် ယာဉ်မဆို အန္တရာယ်ကင်းရှင်းခြင်း၊ သက်တောင့်သက်သာရှိခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ညီညီညာညာ ပြေးဆွဲရန်လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဦးဆောင်ပြီး ကြီးကြပ်ဆောင်ရွက်သည့် အဖွဲ့အစည်းအသစ်တစ်ခု လိုအပ်ပါကြောင်း တင်ပြဆွေးနွေးခဲ့ သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုရွှေက ပဲခူးမြို့အတွင်း ပြေးဆွဲနေသည့် (၃)ဘီးဆိုင်ကယ် အစီး(၃၀၀)ကျော်ရှိပြီး စနစ်တကျ စည်းကမ်းလိုက်နာမှု အားနည်းခြင်းများတွေ့ရှိရကြောင်းကိုလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် ဆောင်ရွက်နေဆဲဖြစ်ပါကြောင်းကို လည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက မြို့နေလူတန်းစား၏ (၈၀)ရာခိုင်နှုန်းသည် အခြေခံလူတန်းစားများဖြစ်၍ သက်သာသော လွယ်ကူသက်သာသော သုံးဘီးဆိုင်ကယ်နှင့် Hijet ခရီးသွားသယ်ယူပို့ဆောင်ရေးကိုသာ အားကိုးနေရကြောင်း၊ လက်ရှိအခြေအနေအရ ယာဉ်လမ်းကြောင်း သတ်မှတ်ခြင်း၊ ယာဉ်ပုံစံ သတ်မှတ်ခြင်း၊ ခရီးသွားပြည်သူများအတွက် အန္တရာယ်ကင်းကင်းနှင့် သက်တောင့်သက်သာ သွားလာနိုင်ရန် စံတစ်ခုသတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
ယင်းနောက် YRTA အတွင်းရေးမှူး ဦးသန်းဝင်းက ပဲခူးမြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ ဝန်ကြီး ဦးသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် YRTA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။