Home / ပဲခူးမြို့နယ် / မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်

ဇူလိုင် ၃ (ပဲခူး)
=========================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့ နံက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ၂၀၁၈ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ပြဌာန်းထားသော ဥပဒေများ ထိရောက်မှုရှိရေးနှင့် လိုအပ်သောဥပဒေများ ရေးဆွဲနိုင်ရေး အကြံပြုဆောင်ရွက်သွားရန်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်၊ အမျိုးသမီးများအနေဖြင့် မိမိကိုယ်မိမိကာကွယ်ပေးထားသော ဥပဒေများနားလည်လာစေရန်နှင့် ဗဟုသုတများ ပြည့်စုံစေရေးအတွက် ဆောင်ရွက်ပေးရန်၊ ကုလသမဂ္ဂမှ ချမှတ်ပေးထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်းဗင်းရှင်းပါပြဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များသည် နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထားသည့်မူဝါဒများဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၁၇-၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၆)ဘာသာဂုဏ်ထူးရရှိသူများ၊ သိပ္ပံဘာသာတွဲအမှတ်အများဆုံးရရှိသူ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲအသီးသီးတွင်ရွှေတံဆိပ်ရရှိသူများနှင့် ပထမဆုရရှိကြသည့်ထူးချွန်အမျိုးသမီးများအား လွှတ်တော်ဥက္ကဌ၊ စာရင်းစစ်ချုပ်နှင့်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် Video Clipကို ပြသကြည့်ရှုကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (ယခင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ)ကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ပေါ်ပေါက်လာသော ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ကို အစွဲပြု၍ ဇူလိုင်လ(၃)ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ထားရှိသည့်အပြင် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံး တစ်စိတ်တစ်ဝမ်းတည်း စုစည်းညီညွတ်စွာ လှုပ်ရှားဆောင်ရွက်သွားမည့် ဦးဆောင်အဖွဲ့ကြီးအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် အစိုးရဝန်ထမ်းများအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ခုနှစ် ဇွန်လ(၂၀)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအမည်ဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းထားကြောင်းသိရသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊စာရင်းစစ်ချုပ်နှင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။