Home / ပဲခူးမြို့နယ် / မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် ကျင်းပပြုလုပ်

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် ကျင်းပပြုလုပ်

ဧပြီ ၁၂ (ပဲခူး)

================

          ဧပြီလ ၁၂ ရက်နေ့၊ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မြက်ခင်းပြင်၌ ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်္ကြန်ဟူသော စကားသည် “သင်္ကြန္တ”ဟူသော သက္ကတဘာသာစကားဖြစ်ပြီး “သကန္တ”ဟူသောပါဠိဟူသော စကားမှ ဆင်းသက်လာကာ “ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်း”ဟု အဓိပ္ပါယ်ရရှိကြောင်း၊ နှစ်ဟောင်းရှိ အညစ်အကြေးများကို အတာရေစင်ဖြင့် ဆေးကြောပြီး နှစ်သစ်သို့ မင်္ဂလာရှိစွာ ကူးပြောင်းနိုင်ရေး အထိမ်းအမှတ် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့(၁၂)လရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံး ကျင်းပသည့် ပွဲတော်ဖြစ်သကဲ့သို့ အထူးခြားဆုံးနှင့် ပျော်ရွှင်ကြည်နူစရာကောင်းသည့်အတွက် မြန်မာလူမျိုး တို့၏ စေတနာအလှကို ဖော်ပြခွင့်ရသော ပွဲလည်းဖြစ်ကြောင်း၊ ပူအိုက်သည့်နွေရာသီမှာ ကျင်းပ ပြုလုပ်ခြင်းကြောင့် ပူလောင်ခြင်းမှသက်သာစေရန် ရေစင်အေးအေးဖြင့် ပတ်ဖျန်းခြင်း ဖြစ်သလို တိုင်းနှင့်ပြည်နယ်တခွင်ရှိ မြို့နယ်ကျေးရွာများမှာပါ သူ့ဓလေ့၊ သူ့ဟန်ပန်၊ သူ့အလှတို့ ဝေစီလျက် သင်္ကြန်အလှကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ပြည်သူပြည်သားအပေါင်းတို့က မြန်မာ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွဲကြရန် ၊ နှစ်ဟောင်းကုန် နှစ်သစ်ကူးမှာ လူတိုင်းလူတိုင်း လူသစ်၊ စိတ်သစ်၊ အသွင်သစ်နှင့် စိတ်ဓာတ် မြင့်မြင့်မားမား ကြည်ကြည်လင်လင်ဖြင့် ၁၃၈၀ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးကို လှိုက်လှဲစွာ ကြိုဆိုသွားကြရန် နှုတ်ခွန်းဆက်စကားပြောကြားသည်။

          ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က  မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် အစိုးရအဖွဲ့ရုံး၊ အမျိုးသမီးဝန်ထမ်းများမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက အတာရေဖြင့် ပတ်ဖျန်းကစားကြပြီး၊ ဌာနဆိုင်ရာများမှလည်း စတုဒီသာမုန့်မျိုးစုံဖြင့် ဧည့်ခံ ကျွေးမွေးကြကြောင်း သတင်းရရှိသည်။