Home / MIC / မြန်​မာနိုင်​ငံရင်းနှီးမြုပ်​နှံမှု ဥပ​ဒေ၊ နည်းဥပ​ဒေနှင့် မြန်​မာနိုင်​ငံ ကုမ္ပဏီများ ဥပ​ဒေ ရှင်းလင်းဆွေး​နွေးပွဲ အခမ်းအနားကျင်းပ

မြန်​မာနိုင်​ငံရင်းနှီးမြုပ်​နှံမှု ဥပ​ဒေ၊ နည်းဥပ​ဒေနှင့် မြန်​မာနိုင်​ငံ ကုမ္ပဏီများ ဥပ​ဒေ ရှင်းလင်းဆွေး​နွေးပွဲ အခမ်းအနားကျင်းပ

ပဲခူး  မေ ၈

===============

     မေလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

     ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးလာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရောက်ရှိလာကြောင်း၊ တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်နှင့် ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုလို အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် နိုင်ငံသူ/နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      ထို့နောက် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)ညွှန်ကြားရေးမှူး ဒေါက်တာ လွင်သူဇာရွှေက ပဲခူးတိုင်းအတွင်းရှိ ပုဂ္ဂလိကနှင့်အစိုးရကဏ္ဍတို့မှ သက်ဆိုင်သူများအား မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေနှင့် ပတ်သက်သည့် ဗဟုသုတများမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား power point ဖြင့် ရှင်းလင်းပြောကြားသည်။

     ယင်းနောက်  ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ ကုမ္ပဏီရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအားလည်းကောင်း ပဲခူးတိုင်းဒေသကြီး (DICA) ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းနှင့်သက်ဆိုင်သည့် ရင်းနီးမြုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်းကောင်း power point ဖြင့် အသီးသီး ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ကုမ္ပဏီလုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးသည်။

      မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ပဲခူးတိုင်းဒေသကြီးရုံးအား ၂၀၁၇ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာကုမ္ပဏီ(၈၁)ခု၊ နိုင်ငံခြားကုမ္ပဏီ(၁)ခု တို့ဖွဲ့စည်းမှတ်ပုံတင်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် အတည်ပြုမိန့်ခွင့်ပြုသည့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅သန်း(သို့) မြန်မာငွေသန်း(၆၀၀၀) အထိရင်းနှီးမြုပ်နှံမှုများစိစစ်ခွင့်ပြုပေးလျှက်ရှိရာ ၂၀၁၈ခုနှစ် ဧပြီလအထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလုပ်ငန်း(၅)ခု၊ အခြားလုပ်ငန်း(၁)ခု၊ စုစုပေါင်း(၆)ခု အားအတည်ပြုမိန့် ထုတ်ပေးခဲ့ရာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆.၃၅၄၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင်းအလမ်း (၇၁၉၃)နေရာ ဖန်တီးပေးနိုင်ခဲ့သည်။ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံဆောင်ရွက်နေသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၇၈)ခုရှိပြီး ရင်းနှီးမြုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၈၃.၀၆၆)သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၃၇)ခုရှိပြီး ရင်းနှီးမြုပ်နှံမှု စုစုပေါင်းငွေကျပ် (၉၄၄၇၇၄.၆၇၅)သန်း ဖြစ်ကြောင်းသိရသည်။

          အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။