Home / ပဲခူးမြို့နယ် / မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဇွန် ၁၄ (ပဲခူး)

================================

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ဇွန်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားသမား လူငယ်လူရွယ်များ ချစ်ကြည်ရင်းနှီးမှုရရှိကာ အားကစားအရည်အသွေး ပိုမိုမြင့်မားလာပြီး မိမိကိုယ်စားပြု မြို့နယ်အသင်း၏ ဂုဏ်ကိုဖော်ဆောင်ပေးကြရန်၊ ပဲခူးတိုင်းဒေသကြီး၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း အစဉ်အမြဲတိုးတက်နေစေရန်အတွက် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။

ထို့နောက် ပြိုင်ပွဲအသင်းများက အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး သနပ်ပင်မြို့နယ် အမျိုးသားအသင်းနှင့် အုတ်တွင်းမြို့နယ် အမျိုးသားအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အသက်(၂၅)နှစ်အောက် အမျိုးသားအသင်း(၂၈)သင်း၊ အမျိုးသမီးအသင်း(၆)၊ စုစုပေါင်း(၃၄)သင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းအနေဖြင့် ရွှေတောင်မြို့နယ်မှ မကြူကြူသင်း၊ ရေတာရှည်မြို့နယ်မှ မဆုသဉ္စာနိုင်၊ သဲကုန်းမြို့နယ်မှ မကေဇင်ထွဋ်တို့သည် အာရှနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်အသီးသီး ဆွတ်ခူးရရှိခဲ့ပြီး တိုင်းဒေသကြီး၏ ဂုဏ်ကိုသာမက မြန်မာနိုင်ငံ၏ဂုဏ်ကိုပါ ဆောင်နိုင်ခဲ့ကြသည်။ ပြည်တွင်းပြိုင်ပွဲများဖြစ်သော ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဖလား၊ အမျိုးသမီးတံခွန်စိုက်ဖလားတို့ကို (၂)နှစ်ဆက်တိုက်ရရှိခဲ့ပြီး လူငယ်မျိုးဆက်သစ် အားကစားသမား မြန်မာ့လက်ရွေးစင်(ပဏာမ)များ ပေါ်ထွက်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲအသင်းများ၊ ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။