Home / ပဲခူးမြို့နယ် / ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်သလို စည်းကမ်းမလိုက်နာမှုများကိုလည်း ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်သလို စည်းကမ်းမလိုက်နာမှုများကိုလည်း ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

မေ ၉ (ပဲခူး)

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ (၉)ရက်နေ့၊ နံနက် (၉) နာရီခွဲအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းစေရေး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရသလို၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးများကိုလည်း ဆောင်ရွက်နေရကြောင်း၊ အထူးသဖြင့် ယာဉ်ထိန်းရဲလုပ်ငန်းသည် ပြည်သူများနှင့် နေ့စဉ်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေရသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက်ရှိလာမည်ဖြစ်၍ စာသင်ကျောင်းများရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ချထားပေးနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားစေလိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပညာပေးရာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သလို စည်းကမ်းမလိုက်နာသူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် မဆုံးရှုံးစေရေး စေတနာထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဖမ်းဆီးအရေးယူမှုဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများ ပူးပေါင်း ဆောင်ရွက်မှသာ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးထိန်ဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှုထမ်း၊ အရာထမ်း (၁၃၆)ဦးဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လယ်ယာသုံးစက်ကိရိယာများ ကားလမ်းပေါ်တက်ရောက် မောင်းနှင်နေမှုနှင့်ပတ်သက်၍ အရေးယူခြင်းဆောင်ရွက်ရာတွင် ယာဉ်မောင်းလိုင်စင်မရှိသည့် ကိစ္စရပ်များရှိနေ၍ တောင်သူလယ်သမားများအား ယာဉ်မောင်းလိုင်စင် လျှောက်ထားနိုင်ရေး အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့၊ တရားရုံးရှေ့ ယာဉ်ရပ်နားရန်နေရာ နှင့်ပတ်သက်၍ နေရာသတ်မှတ်ပေးရန်တို့အားလည်းကောင်း၊ ခရိုင်(၄)ခရိုင်မှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ တာဝန်ခံအရာရှိများက မိမိတို့ခရိုင်နယ်မြေအလိုက် ယာဉ်ကြောရှုပ်ထွေးသည့် နေရာများ၊ လမ်းဘေးကျူးကျော်မှုများနှင့် လမ်းဆုံတို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် မီးပွိုင့်များ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန် စသည်တို့အား ဆွေးနွေးတင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဧပြီလ (၁)ရက်နေ့မှ (၃၀)ရက်နေ့ အထိ (၁)လအတွင်း စည်းကမ်းပျက်ယာဉ် (၉၃၅)စီး၊ လိုင်စင်မဲ့ဆိုင်ကယ် (၉၈၁)စီး၊ အမှုပေါင်း (၁၀၅၃)မှုဖြင့် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

          တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးရဲထိန်းရဲဖွဲ့မှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၇၀)ဦး ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။