Home / ပဲခူးမြို့နယ် / ရခိုင်ပြည်နယ်အတွင်း ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်အတွင်း ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ (၁၂) ပဲခူး

==========================================

အောက်တိုဘာလ (၁၂)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာပုံရိပ်မှာ အမျိုးမျိုးအဖုံဖုံ ဖိအားပေးစွပ်စွဲနေရပြီး၊ နိုင်ငံရေးပုံရိပ်ကျဆင်းရန် ပြည်ပ မီဒီယာများမှ သတင်းမှားများ ထုတ်ပြန်ပေးလျက်ရှိနေကြောင်း၊ ဘာသာရေး၊ လူမျိုးရေးနှင့် ပတ်သက်သည့် အစွန်းရောက်မှုသည် ပြဿနာဖြစ်ပေါ်ရန် ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဖြစ်ပွားလျက်ရှိကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ချုပ်ငြိမ်းစေရန် (၂၁)ရာစု ပင်လုံညီလာခံကို ကျင်းပပေးခဲ့ရခြင်းဖြစ်ကြောင်း၊ စည်းလုံးညီညွှတ်မှုမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနိုင်မည်ဖြစ်၍ အစွန်းရောက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးသတိ၊ ပြဿနာကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းများရှာဖွေနိုင်သည့် နိုင်ငံရေးအသိ၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီထောက်ပံ့မှုများ ပေးနိုင်သည့် စီးပွားရေးအမြင်၊ ယုံကြည်မှုဖြင့် အတူယှဉ်တွဲနေထိုင် နိုင်သော လူမှုရေးစိတ်ဓာတ်တို့ရှိစေချင်ကြောင်းနှင့် ဒီလိုပဋိပက္ခများ ထပ်မံမဖြစ်ပေါ်စေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ရခိုင်ဒေသတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့သည် နှစ်ပေါင်းကြာရှည်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြကြောင်း၊ ယခုအခါ ARSA အစွန်းရောက်အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ ကျူးကျော်တိုက်ခိုက်ခြင်းသာဖြစ် ကြောင်း၊ ဒီနေရာမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အမြတ်ထုတ်ချင်သည့် အဖွဲ့အစည်းများကို လည်း သတိထားရမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှုနှင့် ဆက်စပ်ပြီး စစ်ပွဲများဖြစ်ပေါ်လာပါက လူထု တွင် အကြောက်တရား ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံတကာသံတမန်များ ခေါ်ယူပြီး ရခိုင်ဒေသအကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သဘောထားအမြင်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအချိန်ထိ ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် ကျေးရွာများ မီးရှို့ခြင်း၊ ဟိန္ဒူလူမျိုးများ၊ အစ္စလာမ်လူမျိုးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရန် ငြိမ်းခြောက်မှုများ ဆောင်ရွက်လျက်ရှိနေသည်ကို နိုင်ငံတကာမှ သိရှိစေရန် နိုင်ငံတော်အစိုးရမှ စီစဉ် ဆောင်ရွက်လျက်ရှိနေပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားသည် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အမြတ်ထုတ်ခြင်းမဟုတ်ဘဲ၊ မိမိတို့ တိုင်းရင်းသားများ ဒုက္ခရောက်နေသည့်အပေါ် ဘာသာစွဲ၊ လူမျိုးစွဲမထားဘဲ စေတနာသန့်သန့်ဖြင့် ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ငွေကျပ်(၂၅၀,၀၀ဝိ/-)၊ ပဲခူးတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ငွေကျပ်(၅၀၀,၀၀ဝိ/-)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ငွေကျပ်(၁,၄၈၀,၀၀ဝိ/-)၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ငွေကျပ်(၇,၀၂၈,၀၀ဝိ/-)၊ တက်နေဧရာဝတီဂရုကုမ္ပဏီလီမိတက်မှ ငွေကျပ်(၁,၀၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေ ကျပ်(၁၀,၂၅၈,၀၀ဝိ/-)(ကျပ် တစ်ရာနှစ်သိန်းငါးသောင်းရှစ်ထောင် တိတိ) ဖြစ်သည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။