Home / ရေတာရှည်မြို့နယ် / ရေတာရှည်မြို့တွင် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲကျင်းပ

ရေတာရှည်မြို့တွင် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲကျင်းပ

မေ ၁၃ (ရေတာရှည်)
=============================

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် မေလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တောင်သူမျိုးစေ့သန့်စင်စက်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်သိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းနှင့် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက တောင်သူမျိုးစေ့သန့်စင်စက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “စိုက်ပျိုးထုတ်လုပ်ရရှိသော မျိုးစေ့များမှာ မျိုးကောင်းမျိုးသန့်ဖြစ်ရုံမျှမပြီးဘဲ သန့်စင်ဖို့လည်းလိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးထွက်ရှိလာသည့် မျိုးစေ့များ စံချိန်စံညွှန်းမီစေရေးအတွက် မျိုးစေ့သန့်စင်ခြင်း မဖြစ်မနေဆောင်ရွက်နိုင်ရန် မျိုးစေ့သန့်စင်စက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် အထွက်နှုန်းသာမက အရည်အသွေးပါ မြင့်မားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အရည်မသွေးပြည့်မှီသော သီးနှံမျိုးစေ့များကို သီးနှံစိုက်ပျိုးသူတိုင်း အသုံးပြုစိုက်ပျိုးမှသာ ဝင်ငွေများတိုးတက်ရရှိကာ အချိန်နှင့်တပြေးညီ မျှော်မှန်းထားသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးမှုပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က တောင်သူမျိုးစေ့သန့်စင်စက် ထူထောင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက မျိုးစေ့သန့်စင်စက်များ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တက်ရောက်လာသူများက ပြခန်းနှင့် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်လှစ်မောင်းနှင်ပြသမှုအား ကြည့်ရှုကြသည်။
တောင်သူမျိုးစေ့သန့်စင်စက် အသုံးပြုခြင်းအားဖြင့် မျိုးအလိုက်အရွယ်အစား တူညီသော မျိုးစေ့များရရှိခြင်း၊ အလေးချိန်တူညီသော မျိုးစေ့များရရှိခြင်း၊ ဖုံ သဲ ခဲနှင့်အခြားမလိုလားအပ်သော အရာများမပါရှိခြင်း၊ အဖျင်းအမှော်၊ အခြားသီးနှံနှင့် ပေါင်းမြက်စေ့များကင်းရှင်းခြင်း၊ မျိုးအလိုက် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း၊ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း၊ ကျန်းမာသန်စွမ်းသော ပျိုးပင်များ ပေါက်နိုင်သည့် မျိုးစေ့များကိုသာရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးခရိုင်တွင် သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်၊ ပြည်ခရိုင်တွင် ပြည်မြို့နယ်၊ သာယာဝတီခရိုင်တွင် မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်တို့၌ ဖွင့်လှစ်ထားရှိပြီး ယခုတောင်ငူခရိုင်တွင် ရေတာရှည်မြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ဖွင့်လှစ်ခြင်းဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ ကျန်မြို့နယ်များတွင်လည်း မျိုးစေ့သန့်စင်စက်များ ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ မြို့နယ်မြေစစ်ကော်မတီဥက္ကဌ ဦးမင်းနိုင်အောင်၊ အတွင်းရေးမှူး ဦးကျော်မင်းဦးနှင့် အဖွဲ့ဝင်များနှင့်အတူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြန်လည်စွန့်လွှတ်သည့် ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၂၂)အတွင်းရှိ မြေ (၁၈၅)ဧကအား မြေစိစစ်ကော်မတီမူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။