ရေတာရှည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီ များလွှဲပြောင်းပေးအပ်

ဇူလိုင် ၁၁ (ရေတာရှည်)

==================================

ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရေတာရှည်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံ ဖိုက်ဘာစက်လှေ(၁)စီးနှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်အား ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ(၅၀)စီးနှင့် အသက်ကယ်အင်္ကျီ (၄၅၁၀)ထည်တို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် Semas Myanmar ကုမ္ပဏီနှင့် Sun Shine ကုမ္ပဏီတို့ထံမှ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးပို့လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွက် ဖိုက်ဘာစက်လှေ(၉)စီးနှင့် အသက်ကယ်အင်္ကျီအထည် (၉၀)ရရှိခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့သည် နှစ်စဉ်ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရရှိသောဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများအား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေ(၂)စီး၊ အသက်ကယ်အင်္ကျီ(၂၀)ထည်၊ မိုးညိုမြို့နယ်အတွက် ဖိုက်ဘာစက်လှေ(၂)စီးနှင့် အသက်ကယ်အင်္ကျီ(၂၀)ထည်၊ ညောင်လေးပင်မြို့နယ်အတွက် ဖိုက်ဘာစက်လှေ(၂)စီးနှင့် အသက်ကယ်အင်္ကျီ(၂၀)ထည်၊ ရွှေတောင်၊ ပန်းတောင်း၊ ရေတာရှည်မြို့များအတွက် ဖိုက်ဘာစက်လှေ(၁)စီးစီနှင့် အသက်ကယ်အင်္ကျီ(၁၀)ထည်စီ စုစုပေါင်း ဖိုက်ဘာစက်လှေ(၉)စီးနှင့် အသက်ကယ်အင်္ကျီ(၉၀)ထည်တို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။