Home / တောင်ငူမြို့နယ် / ရေတာရှည်မြို့နယ်အတွင်း စစ်တောင်မြစ်ကူးတံတား(၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရေတာရှည်မြို့နယ်အတွင်း စစ်တောင်မြစ်ကူးတံတား(၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

မေ ၁၄ (ရေတာရှည်)
=================

မေလ (၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအနီး၌ စစ်တောင်းမြစ်ကူးတံတား (၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာနှင့် တောင်ငူမြို့နယ်၊ ကရင်ချောင်းကျေးရွာတို့အား ဖြတ်သန်းပြီး စစ်တောင်းမြစ်ကူးတံတား(၁)စင်း ဆောက်လုပ်ရန် စီစဉ်ထားရှိမှုအခြေအနေများကိူဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က စစ်တောင်မြစ်ကူးတံတား တည်ဆောက်ခြင်းသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ တိုင်းရင်းသားပြည်သူများ  လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းခြင်းအားဖြင့် စီးပွားရေးကူးလူးဆက်ဆံမှုများမှတစ်ဆင့် တစ်ဒေသနှင့် တစ်ဒေသ၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုများ ပိုမိုရရှိလာကာ အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အထောက်အကူပြုရာလည်းရောက်ကြောင်းနှင့် တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ လမ်းအူကြောင်းနှင့် တံတားချဉ်းကပ်လမ်းများ ဖောက်လုပ်ရာတွင် လမ်းအတွက် လိုအပ်သည့် ဧရိယာကိုသာ အသုံးပြုရန်နှင့် ဒေသခံပြည်သူများကိုလည်း သေချာစွာ အသိပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်းတည်ဆောက်သည့် စစ်တောင်းမြစ်ကူးတံတားသစ်သည် ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာဘက်မှ တံတားချဉ်းကပ်လမ်း (၁)မိုင် (၂)ဖာလုံ၊ တောင်ငူမြို့နယ်၊ ကရင်ချောင်းကျေးရွာဘက်မှ တံတားချဉ်းကပ်လမ်း (၁)မိုင် (၂)ဖာလုံနှင့် တံတားအရှည်မှာ ပေ(၅၀၀)ရှိမည်ဖြစ်သည်။ ရေတာရှည် – ကရင်ချောင်း- လိပ်သိုလမ်းနှင့် ချိတ်ဆက်တည်ဆောက်သွားမည်ပြီး ဆောက်လုပ်ပြီးစီးပါက ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့နှင့် တိုက်ရိုက်ချိတ်ဆက်၍ နေပြည်တော်နှင့်အနီးဆုံး ဖြတ်လမ်းတစ်ခုလည်း ဖြစ်လာနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။