Home / ထန်းတပင်မြို့နယ် / ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

သြဂုတ် ၁၉ (ထန်းတပင်)
===============================

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းနားကို သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးတို့က ရွာသာယာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထက်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရတဲ့ အခွင့်အလမ်းအပေါ် အရင်းတည်ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးကို ဦးတည်အလေးထားကာ မိဘဆရာ၊ ကျောင်းသားနှင့် ဒေသတာဝန်ရှိပုဂ္ဂိုလ်များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ဒေသမှ ဘက်စုံထူးချွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် ပညာပြည့်ဝ နှလုံးလှသူများ၊ နိုင်ငံတော်က အားထားရသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့သားကောင်း သမီးမွန်များ ပေါ်ထွက်စေရေး ရည်မှန်းကာကြိုးပမ်း အားထုတ်ကြရန်၊ လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ပေးသော ကျောင်းတော်ကြီးကိုလည်း အဘက်ဘက်က အစဉ်ဖွံ့ဖြိုးတိုးတက်အောင် စောင့်ရှောက်ထိန်းသိမ်းကြရန်လိုကြောင်း အမှာစကား ပြောကြားကြပြီး ထန်းတပင်မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ဝေဝေမြင့်က ထန်းတပင်မြို့နယ်၏ ပညာရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးနှင့် ကျောင်းသား/သူများက လက်ခံယူကြပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်း သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၃၄)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂)ကျောင်း၊ မူလွန်(၅၄)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်းရှိပြီး ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်တွင် အထက(ခွဲ) ရွာသာယာ၊ အလက(ခွဲ)လေးသစ်၊ အလက(ခွဲ)ဂွေးကုန်း၊ အမက-သရေဘာနှင့် ကိုယ့်အားကိုယ်ကိုး သက်ကယ်ကုန်း(၂)ကျောင်း၊ စုစုပေါင်း(၅)ကျောင်းအား သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် ကျောင်းအဆင့် တိုးမြှင့်ခွင့်ရရှိကာ ယခုအဆင့် တိုးဖွင့်လှစ်သည့် ရွာသာယာ အခြေခံပညာအထက်တန်းကျောင်းတွင် KG တန်းမှ ဒဿမတန်းအထိ ကျောင်းသား/သူ (၇၃၇)ဦးရှိကြောင်း သိရသည်။