Home / ရွှေကျင်မြို့နယ် / ရွှေကျင်မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ရွှေကျင်မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဧပြီ ၂၃ (ပဲခူး)

============================

ဧပြီလ(၂၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)နာရီအချိန်က ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရွှေကျင်မြို့နယ် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းတို့က ရွှေကျင်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ပေးရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းမြင့်မှ ရွှေတူးဖော်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရွှေတူးဖော်ရေး လုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှသာ လိုင်စင်ချထားပေးခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ထိန်းသိမ်းကွပ်ကဲ ကြီးကြပ်မှုအပိုင်းကိုသာ တာဝန်ယူခြင်းဖြစ်ကြောင်း၊ ရွှေတူးဖော်ခြင်းနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ် ပေါ်ပေါက်လာပါက ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်သောကြောင့် အချိန်နှင့်တစ်ပြေးညီ ချက်ချင်းအဆင့်ဆင့် တင်ပြကြရန်၊ ထုတ်ပြန်ထားသော ဥပဒေများအား ပြည်သူသိရှိအောင်ချပြပြီး တိကျစွာကိုင်တွယ် ကျင့်သုံးကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ရွှေတူးဖော်ခြင်း လုပ်ကွက်တစ်ခုတည်းကိုသာ ဆောင်ရွက်နေခြင်းမပြုဘဲ အခြားစိုက်းပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကိုပါ ပြောင်းလဲလုပ်ဆောင်ကြရန် ပြောကြားသည်။

ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးသန်းနိုင်မှ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးမှူး ဦးသိန်းမှူးမှ နိုင်ငံခြားသားများ ဝင်ရောက်နေထိုင် လုပ်ကိုင်နေမှုနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ တက်ရောက်ကြကြောင်း သိရသည်။