Home / ရွှေကျင်မြို့နယ် / ရွှေကျင်မြို့၌ တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

ရွှေကျင်မြို့၌ တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

ဧပြီ ၉ (ရွှေကျင်)

==========

          ရွှေကျင်မြို့၊ မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ဧပြီလ (၉)ရက်နေ့၊ နံနက် (၉)နာရီခွဲ အချိန်က တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းပြည်တစ်ခု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအရေးကြီးဆုံးသည် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဘက်နှင့်တစ်ဘက်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယုံကြည်မှုရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး ကူးလူးပေါင်းသင်းဆက်ဆံနိုင်မည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်မည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများ စုစည်းပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏  အဓိက ရည်မှန်းချက်သည် ငြိမ်းချမ်းရေးရရှိရေးပင်ဖြစ်ကြောင်းနှင့် ယခုလို (၂၁)ပင်လုံနှင့်အတူ ပေါက်ဖွားလာသည့် ရရှိပြီးငြိမ်းချမ်းရေး အသီးအပွင့်များ ထပ်မံတည်မြဲ ခိုင်မာစေရန် ကြိုးစား သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် KNU ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဖဒိုစောအယ်ထူးမှ မြန်မာနိုင်ငံ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အားလည်းကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး သိန်းထိုက်ဦး၊ KNU ညောင်လေးပင်ခရိုင်ဥက္ကဋ္ဌ ဖဒိုစောဆဲက၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောနှင့် KNLA တပ်မဟာ(၃)မှ တပ်မဟာမှူး စောအယ်လူသိန်းတို့က အကြံပြုစကားများ ပြောကြားခဲ့ကြပြီး၊ CIDKP ညွှန်ကြားရေးမှူးနှင့် စီမံကိန်းတာဝန်ခံ စောဘယ်ထူးမှ ပြီးခဲ့သည့် ဆွေးနွေးပွဲများတွင် တင်ပြသည့် အချက်အလက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးသည့် အချက်အလက်များ ဆက်လက်ဆောင်ရွက်နိုင်ရန် တင်ပြခဲ့သည်။

          ဆက်လက်ပြီး တက်ရောက်လာကြသူများမှ အပြန်အလှန် မေးခွန်းများမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် KNU နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတောနီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားသည် အစိုးရနှင့် KNUတို့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလတွင် အောက်ခြေအဆင့်၌ နှစ်ဘက်သော အုပ်ချုပ်ရေး အဖွဲ့များနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ထိပ်တိုင်ရင်ဆိုင်ဖြစ်ပွားမှုများ မရှိစေဘဲ ယုံကြည်မှုရှိသော တွေ့ဆုံနွေးဆွေးပွဲများ ကျင်းပခြင်းအားဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။

          တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်ရေးရာအဆင့်မြင့် အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ KNU နှင့် KNLA မှ တာဝန်ရှိသူများ၊ NGO  များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။