Home / ရွှေကျင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

ရွှေကျင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

ရွှေကျင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

တည်နေရာ၊ အကျယ်အဝန်း

blogger-image-1114065408

၁။                 ရွှေကျင်မြို့နယ်သည် မြောက်လတ္တီတွဒ် (၁၇)ဒီဂရီ(၅၅)မိနစ်မှ (၁၈)ဒီဂရီ(၁၄) မိနစ်အကြား အရှေ့လောင်ဂျီတွဒ်( ၉၆) ဒီဂရီ (၄၄)မိနစ်    မှ   (၉၇) ဒီဂရီ(၁၄)မိနစ်   အကြားတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၉၄၅.၄၄ )မိုင်၊ ဧရိယာ (၆၀၅၀၈၄)ဧက ကျယ်ဝန်းပြီးရပ်ကွက်(၈)ခု၊ ကျေးရွာအုပ်စု (၃၁)အုပ်စု၊ ကျေးရွာခွဲ (၈၂)ရွာဖြင့် ဖွဲ့စည်းထားပါသည်။ နယ်နိမိတ်ထိစပ်မှုအနေဖြင့် ရွှေကျင်မြို့နယ်၏ မြောက်ဘက်တွင် ကျောက်ကြီးမြို့နယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊        တောင်ဘက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အနောက်ဘက်တွင် ညောင်လေးပင်၊ ကျောက်တံခါး၊ ဝေါမြို့နယ်တို့နှင့်နယ်နိမိတ်ဆက်စပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်၊ ရာသီဥတု

၂။               ရေွှကျင်မြို့နယ်သည် အရှေ့ရိုးမ တောင်စွယ်ပေါ်တွင် တည်ရှိပြီး အရှေ့ဘက်နှင့် မြောက်ဘက်ဒေသများမှာ တောင်ကုန်းတောင်တန်း၊ တောင်ကြား ၊ မြေပြန့်များဖြစ်၍  အနောက်ဘက်နှင့် တောင်ဘက်ဒေသများတွင်နိမ့်ကာ ညီညာသောမြစ်ဝှမ်းဒေသများဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက်(၉၆)ပေ တွင် ရှိပါသည်။ ရွှေကျင်မြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် မြောက်ဘက် မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသော မြစ်(သို့)ချောင်းမှာ စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်းတို့ဖြစ်ပြီး ရွှေကျင်မြို့အနီးမှ ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ဒေသတွင်းရှိရေအရင်းအမြစ်များမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့်အသုံးပြုနိုင်ပါသည်။ စစ်တောင်းမြစ်မှာ နွေရာသီတွင် ရေအနက် ( ၁၅ ) ပေခန့်သာရှိပြီး စက်လှေများ သွားလာနိုင်ပါသည်။ စစ်တောင်းမြစ်မှာ ကွေ့ကောက်သော မြစ်ဖြစ်သဖြင့် သင်္ဘောကြီးများ မသွားလာနိုင်ပါ။ အမြင့်ဆုံးတောင်မှာ ဗိုက်ကြီးမတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်(၆၉၇၀)ပေဖြစ်၍ မြို့၏အနိမ့်ဆုံးအရပ်ဒေသမှာ   တရုတ္တန်း/ညောင်ဝိုင်းရပ်ကွက် ဖြစ်ပါသည်။

၃။             ရွှေကျင်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံး  အပူချိန်   (၄၃)ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ (၅.၈)ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ နှစ်အလိုက်ရွာသွန်းခဲ့သော မိုးရေချိန်အားဖြင့် နှစ်စဉ်ပျမ်းမျှ(၁၅၄.၂၇)လက်မအထိရွာသွန်းခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

အုပ်ချုပ်ရေးဆိုင်ရာရာအချက်အလက်များ

၄။             ရွှေကျင်မြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုအဖြစ် မြို့(၁)မြို့၊ ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၁)အုပ်စု၊ကျေးရွာ(၈၂)ရွာဖွဲ့စည်းထားရှိပြီး မြို့နယ်ရုံး(၁)ရုံး၊ ရပ်ကွက်ရုံး(၈)ရုံး၊  ကျေးရွာအုပ်စုရုံး(၃၁)ရုံးအဖြစ် အုပ်ချုပ်ရေးမှူးရုံးများဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေအား တင်ပြအပ်ပါသည်။ ရွှေကျင်မြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပြည်သူအများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများအပေါ် လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး အတွက် ဌာနဆိုင်ရာရုံး(၃၄)ရုံးဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၅။             ရွှေကျင်မြို့နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများအနေဖြင့်  ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်လူမျိုးတို့အများစုနေထိုင်လျက်ရှိပါသည်။

စီးပွားရေးဆိုင်ရာအချက်အလက်များ

၆။             ရွှေကျင်မြို့နယ်၏ မြေအသုံးချမှုအနေဖြင့် အသားတင်စိုက်ပျိုးနိုင်သောမြေ(၁၁၉၇၃၃) ဧက၊ လှပ်ထားသောမြေဧရိယာပေါင်း(၃၉)ဧက၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောဧရိယာ(၂၈၃၈၃၈) ဧက၊ တောရိုင်းမြေဧရိယာ(၁၂၀၅၃၇)ဧက၊ မြေရိုင်း(၁၂၈၇၁)ဧက၊ စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ (၆၈၀၆၆)ဧက စုစုပေါင်း(၆၀၅၀၈၄)ဧကဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

၇။             ရွှေကျင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင်တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု ရှိသောမြို့နယ်တစ်ခု ဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေး လုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်းကိုအဓိက လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် ဥယျာဉ်ခြံလုပ်ငန်း များကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြပါသည်။ ရွှေကျင်မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းများဆုံရာ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိက ထွက်ကုန်များမှာ ရွှေသတ္တုနှင့် ရာဘာ၊ ဥယျာဉ်ခြံသီးနှံနှင့် သစ်တောထွက်ပစ္စည်းများဖြစ်ပြီး ညောင်လေးပင်မြို့နှင့် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပါသည်။

လူမှုရေးဆိုင်ရာအချက်အလက်များ

၈။             ရွှေကျင်မြို့နယ်အတွင်းတွင် အဆင့်မြင့်ပညာကျောင်း တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း အခြေခံပညာကျောင်းများအနေဖြင့် အထက်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂၃)ကျောင်း၊ မူလတန်း ကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်းခွဲ(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆၁)ကျောင်း၊ စုစုပေါင်း(၉၉)ကျောင်းဖွင့်လှစ်ထားရှိပြီး မြို့နယ်အတွင်းပညာရေးအဆင့်အတန်းမြင့်မားရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၉။             ရွှေကျင်မြို့နယ်၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များအနေဖြင့် ခုတင်(၁၀၀)ဆံ့ ဆေးရုံ(၁)ရုံ၊ တိုက်နယ်ဆေးရုံ(၃)ရုံတို့ကိုဖွင့်လှစ်၍ ပြည်သူအများ၏ ကျန်းမာရေးအခြေအနေများ ကို ကုသဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျေးလက်ကျန်းမာရေးဌာန(၅)ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ(၂၁)ခု၊  ပုဂ္ဂလိကဆေးခန်း(၅)ခုတို့ဖြင့်လည်း ကုသဆောင်ရွက်ပေးလျက် ရှိပါသည်။

၁၀။           ရွှေကျင်မြို့နယ်အတွင်း အသင်းအဖွဲ့များလျှောက်ထားဆောင်ရွက်မှုအနေဖြင့် ရွှေကျင် ချစ်သူအသင်း၊ ရွှေရိပ်စစ်အသင်း၊ ပရဟိတလူမှုကူညီရေးအသင်း၊ စုစုပေါင်း(၃)သင်းတို့မှ ပြည်သူ အများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ

၁၁။           ရွှေကျင်မြို့နယ်အတွင်း ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သက္ကယ်ကုန်းကျေးရွာ၊ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း(၄၀၀၀× ၄ × ၀.၄)ပေ အား ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တင်ပြဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၁၂။              ရွှေကျင်မြို့နယ်တွင် ယဉ်ကျေးမှုနယ်မြေများအဖြစ် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီ၊ ရွှေတောင်ဦးဘုရားစေတီ၊ဝတ်တက်စေတီ၊ ကျောက်မှော်ဘုရားကြီးစေတီတို့အား ဖူးမြှော်ကြည်ညိုနိုင်ရန် အတွက် သတ်မှတ်ထားရှိပါသည်။

ဒေသ သမိုင်းအကျဉ်း

၁၃။              ကောဇာသက္ကရာဇ် (၁၁၀၀)ခုနှစ် အင်းဝနန်းဆက် နောက်ဆုံး နန်းဆက်ဖြစ်သော ဟံသာဝတီရောက်မင်းတရားကြီး လက်ထက်တွင် ရွှေကျင်မြို့ ကို ရွှေကျင်မြို့ဟု အမည်မတွင်သေးဘဲ အိမ်ခြေ(၅)အိမ်၊ (၆)အိမ်မျှသာရှိသော (ဆတ်တစ်)ရွာဟု အမည်တွင်ခဲ့သည်။ ရွှေကျင်မြို့ ပတ်ဝန်း ကျင်တွင် ကျင်ခွက်ဖြင့် ရွှေများကျင်ယူရရှိခဲ့သဖြင့် ဘိုးတော် ဘုရားလက်ထက် သက္ကရာဇ် ၁၁၆၀ ပြည့်နှစ်တွင် (ဆတ်တစ်) ရွာမှ (ရွှေကျင်မြို့)ဟု ခေါ်ဝေါ်လာခဲ့သည်။ အင်္ဂလိပ် – မြန်မာ ဒုတိယ ကမ္ဘာစစ်အပြီးတွင် အထက်မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်တွင်းသို့ ကျရာက်ခဲ့ရာ ရွှေကျင်မြို့ လည်းပါဝင်သည့်အတွက် ရွှေကျင်မြို့ကို ဒိစတြိတ် မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်ကာ အင်္ဂလိပ် အရေးပိုင်တစ်ဦး အုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ရန်ကုန်-တောင်ငူ မီးရထားလမ်း မပေါက်သေးသဖြင့် အထက်နှင့်အောက်ဒေသများ ကုန်စည်ကူးသန်းရောင်းဝယ်ရန်လမ်းခရီးအဖြစ် စစ်တောင်းမြစ်ကိုသာ အားထားအသုံးပြုသွားလာရသည်။ ထိုအချိန် စစ်တောင်းမြစ်သည် ရွှေကျင်မြို့အနီးမှ ဖြတ်သန်း စီးဆင်းသဖြင့် ရွှေကျင်မြို့သည် စစ်တောင်းမြစ်ဝှမ်းပေါ်ရှိ မြို့တစ်မြို့ဖြစ်ခြင်းကြောင့် ကူးသန်း ရောင်းဝယ်မှုတွင် အရေးပါအရာရောက်သည့်အပြင် အထက်အောက် ကုန်စည်ဖလှယ်ရာ ဗဟိုတစ်ခုဖြစ်၍ အလွန်စည်ကားခဲ့ဖူးသည်။ မြန်မာသက္ကရာဇ် ၁၂၅၀ ပြည့်နှစ်မှ  ၁၂၅၆ ခုနှစ်အတွင်း မီးရထားလမ်း ပေါ်ပေါက်လာပြီဖြစ်သဖြင့် ရွှေကျင်မြို့မှလူအများအပြား မီးရထားလမ်း ရှိရာမြို့များသို့ ပြောင်းရွှေ့ နေထိုင်ကြပြန်သည်။ ထိုအချိန်မှစ၍ အရေးပိုင်အစား နယ်ပိုင်ဝန်ထောက်နှင့်  မြို့ပိုင်များထားကာ ရွှေကျင်မြို့ကိုအုပ်ချုပ်စေပြီး တောင်ငူဒိစတြိတ်အတွင်းသို့  ထည့်သွင်းခဲ့သည်။ ၁၉၄၄ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် KNDO များမှ  ရွှေကျင်မြို့ကို    သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံရေးပါတီတစ်ခုဖြစ်သော ဖဆပလအဖွဲ့တက်စဉ် ပါလီမန် ရွေးကောက်ပွဲမှ အမတ်များရွေးချယ်၍ အုပ်ချုပ်ရေးအားဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ တော်လှန်ရေး ကောင်စီမှ တာဝန်ယူစဉ် ရွှေကျင်မြို့ကို နလက ဖွဲ့စည်းပုံ စနစ်ဖြင့် အုပ်ချုပ်၍  ၁၉၇၃ ခုနှစ်မှ  ၁၉၈၈     ခုနှစ် အတွင်း မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်ဖွဲ့စည်းပုံဖြင့် အုပ်ချုပ်သည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ( ၁၈ ) ရက်နေ့တွင် တပ်မတော်မှတာဝန်ယူ၍ နဝတ ဖွဲ့စည်းပုံဖြင့် အုပ်ချုပ်ပြီး ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံဖြိုးရေးကောင်စီကို ပြန်လည် ဖွဲ့စည်းကာအုပ်ချုပ်ခဲ့ပါ သည်။ ၂၀၁၁ ခုနှစ် ဧပြီလ (၁)ရက်နေ့ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပထမအကြိမ် လွှတ်တော် နှင့် အစိုးရမှ တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူမှ ရွေးချယ်တင်မြှောက်သော ဒုတိယအကြိမ် လွှတ်တော် နှင့် အစိုးရမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ  ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်လျှက် ရှိပါသည်။

 

ရွှေကျင်မြို့နယ်၏ သီတင်းကျွတ်မီးမျှောပွဲတော် ကျင်းပမှုအခြေအနေ

        ရွှေကျင်မြို့သည် သက္ကရာဇ် ၁၁၁၃ ခုနှစ်အတွင်း အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို မွန်တို့ ဟံသာဝတီသို့ ခေါ်ဆောင်သွားခဲ့ရာ ပဲခူးမြို့၌ ခေတ္တစံတော်မူစဉ် တစ်နေ့သော် နဂရံရာမှတ်၊ နဂရံ တန်တွင်၊ နဂရံနလွှတ်၊ နဂရံဝါခရီ မွန်ညီနောင်(၄)ဦးတို့သည် ဟံသာဝတီရောက် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိအား ဆိတ်ဖူးပင်ရင်း၌ ရွှေမှုန်များကိုတွေ့ရှိ၍  ဆက်သသောအခါ မင်းကြီးသည် ဝမ်းသာအားရဖြစ်၍ ညီနောင်(၄)ဦးအား ပျော်ပိုက်ရာဒေသသို့ နေထိုင်ရန် မြေတိုက်သူကြီး ခန့်အပ် အမိန့်စာပေးလိုက်သဖြင့် စတင်ပေါ်ပေါက်လာသည့်မြို့ဖြစ်ပြီး ၁၁၆၀ ပြည့်နှစ်တွင် အလားလေးရပ် သတ်မှတ်ပြီး ဘိုးတော်ဘုရားလက်ထက်တွင် မြို့တည်ခဲ့ကြောင်း ၁၁၈၁ ခုနှစ်မှစ၍ မြို့ဝန်များဖြင့် အုပ်ချုပ်ခဲ့ပြီး ရွှေကျင်မြို့နယ် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပူဇော်သည့် သီတင်းကျွတ်မီးမျှော ပူဇော်ပွဲတော်အား စတင်ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ရွှေကျင်မြို့နယ်သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်သည် ကုန်းဘောင်ခေတ်မှသည်လျှင် ခေတ် အဆက်ဆက်ကို ကျော်ဖြတ်၍ အမျိုးဘာသာသာသနာ ဇာတိသွေးဇာတိမာန် မျိုးချစ်စိတ်ဓါတ်များကို အရင်းတည်ပြီး မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ် တွယ်တာခင်မင်စိတ် များကို ထိန်းသိမ်းရေး သမိုင်းအရ ပေါ်ပေါက်လာခဲ့သည့် ပွဲတော်ကြီးတစ်ခုဖြစ်ပါသည်။

          ရွှေကျင်မြို့နယ်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပူဇော်သည့် သီတင်းကျွတ်မီးမျှော ပူဇော်ပွဲတော်အား ရှေးယခင်က ဝါး/ ငှက်ပျောဖောင်၊ လောင်းလှေများဖြင့်သာ ဓမ္မစင်္ကြာဝတ် အသင်းများ ဝန်းရံပြီး ပူဇော်ကျင်းပရာမှ ယခုအခါ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပူဇော်သည့် ကရဝိတ်ဖောင်တော်ကြီး၊ မင်းညီမင်းသား၊ စစ်သည်ရဲမတ်များအား ဓါးရေး လှံရေး၊ ဓါးခုတ်လှံထိုး၊ တက်ရေး(၃၇)ချင်းမှ တက်ကွက်များဖြင့် လှေခင်းသဘင်ဆောင်ရွက်မှုအား ဖော်ကျူးသည့်အနေဖြင့် လှော်ကားတော်ကြီးလှေ၊ တက်ခုတ်တက်ပျံအဖွဲ့များ၊ မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးသည့် ယိမ်းအကအလှများဖြင့် ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ် ၂၀၁၆ ခုနှစ်တွင် ( ၁၆၅ )နှစ်မြောက်ပင် ဖြစ်ပါသည်။

        ရွှေကျင်မြို့နယ်သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်အား နိုင်ငံအဝန်းမှသိရှိပြီး နိုင်ငံတော်မှ လည်း ဒေသယဉ်ကျေးမှုရိုးရာပွဲအဖြစ် အသိအမှတ်ပြု နှစ်စဉ်ဆောင်ရွက်လျှက်ရှိပါသည်။