Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေတောင်မြို့နယ်တွင် တောင်သူများ၏အခက်အခဲများဖြေရှင်းပေးနိုင်ရန် တွေ့ဆုံပွဲကျင်းပပြုလုပ်

ရွှေတောင်မြို့နယ်တွင် တောင်သူများ၏အခက်အခဲများဖြေရှင်းပေးနိုင်ရန် တွေ့ဆုံပွဲကျင်းပပြုလုပ်

ဒီဇင်ဘာ ၂၈ (ပဲခူး)

==============================

1 2 3 4

ပြည်ခရိုင်၊ ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နတ်မှော်လျှပ်စစ်မြစ်ရေတင်ရေသောက်ဧရိယာအတွင်းရှိ တောင်သူများ၏အခက်အခဲများကို ညှိနိုင်းပေါင်းစပ်ဖြေရှင်း ပေးနိုင်ရန်တောင်သူများနှင့်တာဝန်ရှိသူတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

ရှေးဦးစွာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိနှင့်အတူတာဝန်ရှိသူများသည် ဒေသခံတောင်သူလယ်သမားများ၏ အကျိုးအတွက် အခက်အခဲများကိုပေါင်းစပ်ဖြေရှင်းပေးရန်လာရောက်ခြင်းဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်လိုကြောင်း၊ တောင်သူများဘက်မှလည်း နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် မိမိတို့ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက်ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရမှ နတ်မှော်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော တောင်သူများကမိမိတို့၏ အခက်အခဲများနှင့် သိလိုသည်များ ဆွေးနွေးမေးမြန်း တင်ပြကြရာ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်မှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးပြီး ဝန်ကြီးချုပ်ကတောင်သူများ၏ အခက်အခဲများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးခဲ့သည်။

တောင်သူများအနေဖြင့် နိုင်ငံတော်နှင့်မိမိတို့အတွက် အရှုံးသက်သာအောင်အကျိုးဖြစိထွန်းမည့် သီးနှံများကိုသာစိုက်ပျိုးသင့်ကြောင်း၊ မြောင်းအရင်းလယ်သမားများအနေဖြင့် ရက်(၉၀)စပါးများကိုစိုက်ပျိုးကြရန်လိုအပ်ပြီး၊ မြောင်းအဖျား၌နွေသီးနှံများ ပြောင်းလဲ စိုက်ပျိုးရန်နှင့် မြေကျွံဧရိယာအတွက် နွေသီးနှံများမစိုက်ပျိုးသင့်ကြောင်း ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးလှမြင့်မှ ပြောကြားသည်။

Leave a Reply