လက်ကျန်မိုးရာသီတွင် ဆည်/တမံများ မိုးရေထိန်းညှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

သြဂုတ် ၉ (ပဲခူး)

========================

             သြဂုတ်လ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ လက်ကျန်မိုးရာသီတွင် ဆည်/တမံများ မိုးရေထိန်းညှိနိုင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

             ရှေးဦးစွာ ဝန်ကြီးချုပ်က မိုးရာသီတွင် ဆည်/တမံများမှ ရေထိန်းနိုင်မည်ဆိုပါက ရေကြီးရေလျှံမှုနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ဒေသ အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ဒါကြောင့် လက်ကျန်မိုးရာသီတွင် ဆည်/တမံအတွင်း ဝင်ရောက်လာမည့် ဝင်ရေများအား ထိန်းသိမ်းနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် ဒီရေအတက်အကျ၊ မြစ်ရေမြှင့်တက်မှု၊ မိုးရေချိန် စသည်တို့ကို အချိန်မလှပ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

                ထို့နောက် ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တည်ဆောက်ရေး(၁၊၂၊၅၊၉)တို့မှ     လက်ထောက်ညွှန်ကြားရေးမှူးများတို့က ဆည်/တမံများ အတွင်း ရေသိုလှောင်ထားရှိမှု၊ ရေကြီးမှုဖြစ်စဉ်အတွင်း ရေလှောင်တမံများ၌ ရေထိန်းချုပ်ထားမှု၊ ရေပြန်လည်ကျဆင်းသည့်အခါ ရေထိန်းညှိလျော့ချမှုများ အခြေအနေများနှင့် ကျန်သည့်မိုးတွင်း ကာလအတွင်း ဆောင်ရွက်သွားမည့် အစီအမံတို့အား ရှင်းလင်းတင်ပြခဲ့သည်။

              ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက (၈)လပိုင်းနှင့် (၉)လပိုင်းအတွင်း၌ မိုးရေချိန်ထပ်မံများနိုင်မှုရှိ၍ ယခုအချိန်ကတည်းက ဆည်/တမံများအတွင်းရှိ ရေများအား အထိုက်အလျောက် ကြိုတင်လျော့ချထားရန် လိုကြောင်းနှင့် မိုးရေချိန်များသည့်ကာလ၊ ဒီရေတက်သည့်ကာလများတွင် ဆည်/တမံများတွင် ရေလွှတ်ခြင်း မရှိစေရန်နှင့် လိုအပ်ပါက မိုးရာသီတွင် ဆည်/တမံများနှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းများ ထုတ်ပြန်ပေးရန် တင်ပြဆွေးနွေးခဲ့သည်။

                 ပဲခူးတိုင်းဒေသကြီးအတွင်း၌ ရေလှာင်တမံ(၄၃)ခုရှိရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ရေလှောင်တမံ(၃၉)ခုရှိပြီး ပဲခူးခရိုင်၌ (၁၃)ခု၊ တောင်ငူခရိုင်၌(၈)ခု၊ သာယာဝတီခရိုင်၌(၁၀)ခု၊ ပြည်ခရိုင်၌ (၈)ခု ရှိသည်။ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးစီးဌာန ထိန်းသိမ်းထားသော ရေလှောင်တမံ(၄)ခု ရှိကြောင်းနှင့် အဓိကအားဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်း ထားရှိသော ရေလှောင်တမံများသည် နွေးစပါး၊ မိုးစပါး စိုက်ပျိုးရေပေးဝေနိုင်ရေးနှင့် ရေကြီးနစ်မြှုပ်မှုကာကွယ်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။