Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

နေပြည်တော် ဧပြီ ၄

===================

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်တီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒေါက်တာအောင်သူ၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဦးခင်မောင်ချို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေဖြင့် ယခင်ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ လမ်းညွှန်ချက်များနှင့် ပတ်သက်၍ မြေပြင်တွင်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုများခံယူကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ပြင်ဆင်ချမှတ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထိုသို့ပြင်ဆင်ချမှတ်ထားသည့်မူဝါဒ၊ လုပ်ငန်းစဉ်များအတိုင်း သိရှိလိုက်နာ ဆောင်ရွက်သွားနိုင်ရေးအတွက် ဗဟိုကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများသို့ ဖြန့်ဝေပေးပို့ထားပြီးဖြစ်ရာ လက်အောက်ကော်မတီ အဆင့်ဆင့်သို့ ဆက်လက်ဖြန့်ဝေပေးပို့၍ မြေကိစ္စတိုင်ကြားစာများအပေါ် ယင်းမူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားစေလိုပါကြောင်း။

အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဗဟိုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်မှုအားနည်ခြင်း၊ အထောက်အထားမှတ်တမ်း မှတ်ရာများ ပြည့်စုံစွာ တင်ပြမှု မရှိခြင်းများကြောင့် ဗဟိုကော်မတီမှ ပြန်လည်စိစစ်ရန် ပေးပို့ရသည့် အမှုတွဲများကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုဆိုလျှင် ဝန်ကြီးဌာနများမှ အသုံးပြုရန် မလိုအပ်သည့် မြေများကို ပြန်လည်စွန့်လွှတ်ပေးအပ်လျက်ရှိရာ ကာကွယ်ရေးဝန်ကြီး ဌာနမှ အများဆုံးပြန်လည်စွန့်လွှတ်ပေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ စွန့်လွှတ်မြေများအနက် မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းသည့် မြေများတွင် အချို့မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိရန် အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ် အငြင်းပွားနေမှုများ ဖြစ်ပွားနေသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်အမှုတွဲများ ပြီးပြတ်ခြင်းမရှိဘဲ နှောင့်နှေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီဥက္ကဋ္ဌများ အနေဖြင့် အောက်ခြေမှစိစစ်တွေ့ရှိချက်များနှင့် မြေပြင်ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများကို အဖွဲ့ဖွဲ့၍တာဝန်ပေးအပ်ရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

နေပြည်တော်၊တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း သိမ်းဆည်းမြေ တိုင်ကြားစာများ၊ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်မှု ပိုမိုအားကောင်းလာမှု ရှိစေရန်နှင့် တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ ပါဝင်သည့် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေး အဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်း၍သက်ဆိုင်ရာဒေသများသို့ ကွင်းဆင်းဆောင်ရွက်နေကြပြီဖြစ်ပါ ကြောင်း၊ အဆိုပါအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သောဝန်ကြီးချုပ်များ အနေဖြင့်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားကြစေလိုပါကြောင်း။

ဗဟိုကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာအမှုတွဲပေါင်း(၆,၃၂ဝ)မှုရှိပြီး သက်ဆိုင်ရာကော်မတီများသို့ စိစစ်ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့ထားရာ ဗဟိုကော်မတီ၏ စိစစ်မှုများအရ တိုင်ကြားစာအမှုတွဲ ၆၆၉မှုသာ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်သည့် အတွက်ကျန်ရှိသည့် တိုင်ကြားစာ (၅,၆၅၁)မှုကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်ပေးစေလိုပါကြောင်း။

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများသို့ တိုက်ရိုက်တိုင်ကြားသော တိုင်ကြားစာအမှုတွဲများကို ဖြေရှင်းဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊ ယခင် ပြည်ထောင်စု လွှတ်တော် သက်တမ်းတွင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်အစီရင်ခံစာအပေါ် ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကိုလည်း ရှင်းလင်းတင်ပြပေးစေလိုပါကြောင်း။

ထို့ပြင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် သတင်းထုတ်ပြန်ကြေညာချက်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၁၃ ရက်တွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင်တစ်ကြိမ်နိုင်ငံပိုင် သတင်းစာများမှ တဆင့် ထုတ်ပြန်ပေးခဲ့ပြီး ဗဟိုကော်မတီနှင့်ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ Media များ၏မေးမြန်းချက် များအပေါ် ဗဟိုကော်မတီကိုယ်စား တွဲဖက်အတွင်းရေးမှူးက ဖြေကြားရှင်းလင်းခြင်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၃ ရက်ထုတ် ကြေးမုံသတင်းစာတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများအနေဖြင့် မိမိတို့ဒေသအတွင်း မြေကိစ္စတိုင်ကြားမှုများ၊ ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် မြေယာများနှင့်ပတ်သက်၍ မူလပိုင်ရှင်များသို့ လွှဲပြောင်းပေးအပ်သည့် အခြေအနေများကို ပြည်သူများပိုမိုသိရှိနိုင်ရန် သတင်းထုတ်ပြန် ကြေညာပေးသွားစေလိုပါကြောင်း၊ ဗဟိုကော်မတီနှင့် ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက် များကို ယခုအစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ကော်မတီများအနေဖြင့် အောက်ခြေအဆင့်အထိ ကော်မတီရုံးများ သီးခြားဖွင့်လှစ်၍ လုံလောက်သည့် ဝန်ထမ်းအင်အားဖြင့် တာဝန်ပေးအပ်ထားကြရမည်ဖြစ်ပါကြောင်း၊ အလားတူ ကော်မတီအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေနိုင်ရေးအတွက် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်း သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန် အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လက်တွေ့မြေပြင်တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဗဟိုကော်မတီမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုအကြံပြု ဆွေးနွေးတင်ပြ ပေးစေလိုပါကြောင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် မူဝါဒလုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်များက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းများ ပြန်လည် စိစစ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာအောင်သူနှင့် ဦးခင်မောင်ချိုတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ကယခုနှစ်တွင် ပြည်ပသို့ စံချိန်တင်ဆန်စပါးတင်ပို့နိုင်ခဲ့ပါကြောင်း၊ ယင်းသို့ တင်ပို့နိုင်ရန်အရေးပါသော လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အခြေခံဖြစ်သည့် လယ်ယာမြေများအား စိုက်ပျိုးမည့် တောင်သူများထံ အမြန်ရောက်ရှိစေရေး ဝိုင်းဝန်းညှိနှိုင်းကြိုးပမ်း သွားကြရမည် ဖြစ်ကြောင်း၊ ကော်မတီဖွဲ့စည်းခဲ့သည့် နှစ်နှစ်နီးပါးကာလအတွင်း မြေယာကိစ္စများဖြေရှင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်းများ ရသင့်သလောက်ရရှိပြီး ဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီ အဆင့်ဆင့်အနေဖြင့် အချိတ်အဆက်မိမိစေတနာထား ဆက်လက် ကြိုးပမ်းစေလိုကြောင်း၊ ဗဟိုကော်မတီအနေဖြင့်လည်း သက်ဆိုင်ရာကော်မတီများ၏ လက်တွေ့မြေပြင်တွင် ကွင်းဆင်းစိစစ်သုံးသပ် တင်ပြချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာဖြေရှင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။