Home / ကဝမြို့နယ် / လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရန် အသေးစား၊ အလတ်စားစက်ရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရန် အသေးစား၊ အလတ်စားစက်ရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

မတ်လ ၂၁(ပဲခူး)
==========

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းသည် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်နှင့် ကိုရီယားနိုင်ငံမှ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လိုအက်သည့် နည်းပညာအထောက်ပံ့များ ဖြည့်ဆည်းပေးနိုင်ရန် လိုက်လံကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွာသစ်ကိုင်းတာကျေးရွာရှိ ဝင်းသံရည်ကြိုလုပ်ငန်းစက်ရုံသို့ ရောက်ရှိပြီး စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုရာစက်ရုံပိုင်ရှင် ဦးအေးဝင်းမှ လိုက်လံရှင်းလင်းပြသသည့် အပြင်စက်ရုံအတွက် လိုအပ်ချက်များပံ့ပိုးပေးရန် အခြေအနေများကိုလည်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ ဦးအေးဝင်း၏ သံရည်ကြိုလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပစ္စည်းတော်တော်များများကို ထုတ်လုပ်နေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ထုတ်ကုန်တွေအတိုင်းလိုက်ပြီး ထုတ်လုပ်ပေးနိုင်တာ တွေ့ရှိရကြောင်း၊ ဦးအေးဝင်းစက်ရုံသည် လူနေရပ်ကွက်အတွင်းရှိ မြေဧက(၃)ဧက အပေါ်တွင် လုပ်ကိုင်နေသောကြောင့် လုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှ ပြဿနာများဖြစ်လာနိုင်ကြောင်း၊ လိုအပ်နေသည့် နည်းပညာပိုင်းတွေ၊ လုံခြုံရေးပိုင်းတွေ၊ ရင်းနှီးမြှုပ့်နှံမှုအပိုင်းတွေ တစ်စတစ်စတိုးမြှင့်လုပ်ကိုင်နိုင်အောင်၊ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဝင်းသံရည်ကြိုလုပ်ငန်းစက်ရုံလုပ်ကိုင်နေသော မြေနေရာသည် နိုင်ငံတော်မှ သတ်သတ်မှတ်မှတ် လုပ်ငန်းလုပ်ကိုင်ရန် ချထားပေးသည့် မြေနေရာမဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ် ကိုယ့်လုပ်ငန်းလေးပေါ်လာအောင် မိမိပိုင်မြေပေါ်တွင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ စက်ရုံအဆောက်အဦ အပြင်အဆင်ပိုင်းပြုပြင်ဖို့ လိုအပ်သလို နည်းပညာပိုင်းတွင်လည်း ကျွန်တော်တို့မှာ အများကြီး လိုအပ်ချက်တွေရှိနေကြောင်း၊ နိုင်ငံခြားအတတ်ပညာရှင်များနှင့် ပူးပေါင်းလုပ်ရမည်ဆိုလျှင် ပိုပြီးအဆင်ပြေမည်ဟုမြင်ကြောင်း၊ ကျွန်တော်တို့က အလုပ်လုပ်ချင်နေတဲ့သူတွေပါ အဓိကလုပ်ငန်းလုပ်နေရဖို့ အရေးကြီးတယ်၊ နိုင်ငံတော်ကကူညီတာကိုဘဲ မျော်လင့်နေလို့မရပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ပါ ဌာနဆိုင်ရာနှင့်ပတ်သက်တာကို သွားပြီးတောင်းခံကြည့်ပါ၊ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ့်အလုပ်ကိုယ် ကြိုးစားလုပ်ကိုင်နေတဲ့ သူကတော့ တစ်နေ့အောင်မြင်မှာဖြစ်ကြောင်း စက်ရုံပိုင်ရှင် ဦးအေးဝင်းမှ ပြောသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သပြုကျေးရွာရှိ သံရည်ကြိုလုပ်ငန်းစက်ရုံနှင့် အင်းတကော်မြို့ရှိ စိန်ဟင်းသံရည်ကြိုစက်ရုံများသို့ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် လက်ရှိလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးလေ့လာကြကြောင်း သိရသည်။