Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သြဂုတ် ၂၉ (ပဲခူး)
====================================

သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အသက်(၉၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် အဖွင့်အမှာစကား ပြောကြားရာတွင် “အသက်(၉၀)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ရာတွင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ဘိုး/ဘွားများ လက်ဝယ်ရောက်ရှိအောင် သေချာစွာဆောင်ရွက်ပေးရန်၊ ကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများ၊ မရှင်းလင်းသည်များရှိပါက ဌာနဆိုင်ရာ အချင်းချင်း ညှိနှိုင်းပူးပေါင်းဖြေရှင်းကြရန်၊ ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်မှာဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။
ထို့နောက် လူမှုရေးပင်စင်ဆိုင်ရာ အကြောင်းအရာများ၊ သင်တန်းခေါ်ယူရခြင်း၏ ရည်ရွယ်ချက်၊ လူမှုရေးပင်စင် ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ တိုင်းဒေသကြီး/ ခရိုင်လူမှုဝန်ရုံး၏ လုပ်ငန်းတာဝန်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များအား ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်က ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းကြသည်။
၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဘက်ဂျက်ရန်ပုံငွေမှ အသက်(၉၀)နှစ်အထက် အဘိုးအဘွားများကို တစ်ဦးလျှင် တစ်လငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် ဘိုး/ဘွားများ ပုံမှန်ဝင်ငွေရရှိပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ရန်၊ ပြုစုစောင့်ရှောက်သူများကိုလည်း အထိုက်အလျောက် အထောက်အပံ့ရရှိစေရန်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးလျှက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ပထမအကြိမ် ဧပြီ၊ မေ၊ ဇွန်လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးရာတွင် ၂၀၁၇ခုနှစ် မတ်လ(၃၁)ရက်နေ့၌ အသက်(၉၀)နှစ်ပြည့်သူ ပဲခူး(အရှေ့)မှ အဘိုး(၆၄၆)ဦး၊ အဘွား(၁၃၅၀)ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှ အဘိုး(၈၈၅)ဦး၊ အဘွား(၁၅၉၈)ဦး၊ စုစုပေါင်းအဘိုး(၁၅၃၁)ဦး၊ အဘွား(၂၉၄၈)ဦးတို့အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပြီး ဒုတိယအကြိမ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ၁၉၂၇ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၉ခုနှစ်၊ သီတင်းကျွတ်လဆန်း(၅)ရက်နေ့ မွေးဖွားသူများကိုပါ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသုတနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။