Home / ရေတာရှည်မြို့နယ် / ဝန်ကြီးချုပ်မှ ဆွာချောင်း ရေလှောင်တမံအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ်မှ ဆွာချောင်း ရေလှောင်တမံအား ကြည့်ရှုစစ်ဆေး

မေ ၁ (ပဲခူး)

=========================

မေလ(၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး၊ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဆွာချောင်း ရေလှောင်တမံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ရှင်းလင်းဆောင်၌ တောင်ငူခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ရှိန်မှ ဆွာချောင်းရေတမံဆိုင်ရာ အချက်အလက်များ၊ ဆွာချောင်းရေလှောင်တမံ နွေစပါးစိုက်ပျိုးမှု ရေပေးဝေသည့်အခြေအနေ၊ နှစ်အလိုက် ရေပေးဝေမှု အခြေအနေများကို ရှင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဆွာချောင်းရေလှောင်တမံအား အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသော တောင်သူလယ်သမားများ ရာသီမရွေး ရေပြည့်ဝစွာ ရရှိစိုက်ပျိုးနိုင်ရေးအတွက် ဝန်ထမ်းများမှ ဂရုပြုဆောင်ရွက်ပေးကြရန်၊ ဆွာချောင်းရေလှောင်တမံ ရှေည်တည်တံ့ ကောင်းမွန်ရန်အတွက် စနစ်တကျ ထိန်းသိမ်းကြည့်ရှု စောင့်ရှောက်ကြရန်မှာကြားပြီး ရေလှောင်တမံအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဆွာချောင်း ရေလှောင်တမံသည် ရေတာရှည်မြို့နယ်၊ ဆွာချောင်းပေါ်တွင် ၁၉၉၈-၁၉၉၉ ခုနှစ်တွင် တည်ဆောက်ထားသော မြေသားတမံအမျိုးအစားဖြစ်ပြီး ပင်မတမံအလျား (၆၆၀၀)ပေ၊ ကုန်းကြောတမံ (၁၆၉၀၀)ပေ၊ တမံအမြင့်(၉၇)ပေ၊ ကုန်းကြောတမံအမြင့် (၄၀)ပေရှိသည်။ ကန်ရေပြည့် ရေလှောင်ပမာဏ (၂၁၆၃၅၀)ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ (၂၈၁၇၀)ဧကပေ၊ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ (၆၉၀၀)ဧက၊ ဆည်ရေးပေးဝေနိုင်သည့် ဧရိယာမှာ (၃၅၀၀၀)ဧက၊ နွေစပါးစိုက်ပျိုးမှုအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လျာထား(၂၁၄၃၆)ဧက စိုက်ပျိုး(၂၁၀၈၁)ဧကဖြစ်သည်။ ၂၀၁၇ခုနှစ်တွင် (၂၁၇၆၄)ဧက စိုက်ပျိုးထားရှိပြီး ရေပေးဝေနိုင်မှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ဝင်ရေ(၁၀၅၃၉)ဧကပေ၊ ထုတ်လွှတ်ရေ(၅၇၆၃၉)ဧကပေ၊ ဆုံးရှုံးရေ(၆၁၈၆)ဧကပေ၊ လက်ကျန်ရေ (၁၅၁၂၄၀)ဧကပေ ရှိကြောင်းသိရသည်။