Home / ရေတာရှည်မြို့နယ် / ဝန်ကြီးချုပ်မှ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ်မှ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

 မတ်လ ၁၄ (ရေတာရှည်)
===================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ(၁၄)ရက်နေ့ ညနေပိုင်းအချိန်က ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ အင်တိုင်းကျေးရွာအုပ်စုတွင် စစ်တောင်းမြစ် ကမ်းပါးပြိုကျနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မြစ်ကမ်းပါပြိုကျမှုသည် သဘာဝဘေးအန္တရာယ်ဖြစ်သောကြောင့် ပြိုကျမှုမရှိအောင် တားဆီး၍မရသော်လည်း ဆက်လက်ဖြစ်ပွားမှုမရှိအောင်၊ ပျက်စီးဆုံးရှုံးမှုနည်းအောင် လူသားများအနေဖြင့် ကြိုတာကွယ်အစီအမံများ ပြုလုပ်၍ရကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
စစ်တောင်းမြစ် ကမ်းပြိုကျမှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ အင်တိုင်းကျေးရွာအုပ်စု၊ ဆင်ဂွေကျေးရွာအုပ်စု၊ ပီတူးကျေးရွာအုပ်စုနှင့် ဝါးရုံတောကျေးရွာအုပ်စုအတွင်းမှ လယ်မြေဧက (၄၀၀၀) ခန့်ပျက်စီးသွားနိုင်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်သည် အင်ဒိုင်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုရာ အဆိုပါမြစ်ရေတင်လုပ်ငန်းသည် ၂၀၁၇-၂၀၁၈ခုနှစ် အင်ဒိုင်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ဧက(၂၅၀)အား ရေဖြန့်ဝေပေးထားကြောင်း သတင်းရရှိသည်။