Home / ရေတာရှည်မြို့နယ် / ဝန်ကြီးချုပ်မှ သဲကောကျေးရွာပြည်သူများနှင့် သွားရောက်တွေ့ဆုံ

ဝန်ကြီးချုပ်မှ သဲကောကျေးရွာပြည်သူများနှင့် သွားရောက်တွေ့ဆုံ

မေ ၁ (ပဲခူး)

==========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၁)ရက်နေ့ မွန်းလွဲ(၂:၃၀) နာရီအချိန်က ရေတာရှည်မြို့နယ်၊ ပိတောက်ခင်ကျေးရွာအုပ်စု၊ သဲကောကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားသည့်အပြင် ကျေးရွာနေ ပြည်သူများ၏ ဒေသအတွက် လိုအပ်ချက်များ၊ ပြည်သူများ လူနေမှုဘဝ မြင့်မားလာစေရေးအတွက် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကိုလည်း ဦးစားပေးနေရာဒေသအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးနေကြောင်း၊ ပြည်သူများမှလည်း မိမိတို့ဒေသ လိုအပ်ချက်များကို ဦးစားပေးကဏ္ဍအလိုက် တင်ပြပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးရွာနေ လျှပ်စစ်မီးလင်းရေးကော်မတီမှ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန် လိုအပ်နေသည့် အခြေအနေများကို တင်ပြဆွေးနွေးရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၉၀၀)ဖြင့် ကံမိတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ကျွန်းတောအုပ်စု အလျား(၁၅၀)ပေ၊ အကျယ်(၁၄)ပေရှိ အုတ်ခုံခံသစ်သားတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။