Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ဝန်ကြီး ဦးအောင်ဇော်နိုင် ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝန်ကြီး ဦးအောင်ဇော်နိုင် ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၁၂ (ပဲခူး)

===================================

(၁၂.၁.၂၀၁၆)ရက်နေ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် သည် ပဲခူးတိုင်းဒေသကြီးဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုး‌ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းလွင်၊ ပဲခူးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဆန်းအောင်၊ ခရိုင်/မြို့နယ်တာဝန်ခံများ လိုက်ပါ၍ ရေတာရှည်မြို့နယ်၊ ဗိုလ်ကျကုန်းကျေးရွာအနီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရေးအတွက် ဆောင်ရွက်နေသည့် လှေကွဲချောင်း တူးဖော်နေခြင်းလုပ်ငန်းအားလည်းကောင်း၊ ရေတာရှည်မြို့ကို ဖြတ်သန်း စီးဆင်းသည့် တိမ်ကောနေသာ စမိုးချောင်း ပြန်လည်တူးဖော်မည့်နေရာအားလည်းကောင်း၊ မြို့လှမြို့အနီး ချောင်းမကြီး(မြို့လှ) ရေလှောင်တမံမှ နွေစပါးရေပေးဝေမှုများအားလည်းကောင်း၊ ချောင်းမကြီး(မြို့လှ) ရေလှောင်တမံ ပေတိုင်(၂၃+၆၆၅) မှ (၂၄+၃၆၅) အတွင်း အုတ်လိုင်နင်တည်ဆောက်ခြင်း ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ စိုင်တမော့ကြီးကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသအကျိုးအတွက် အဆင့်မြင့်စက်မှုလယ်ယာ(၁၅၀)ဧက ဖော်ထုတ်နေမှုအားလည်းကောင်း၊ ရေတာရှည်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မှ ဆောင်ရွက်လျက်ရှိသည့် အင်ချွန်းကျေးရွာ မြေနီလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် မြို့လှ-ရွှေတောင် ကျောက်ချောလမ်း ခင်းနေမှုအခြေအနေများအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကွင်းဆင်းသည့်နေရာများတွင် ဒေသခံများနှင့်တွေ့ဆုံ၍ အစိုးရ၏ မူဝါဒများ၊ ပြည်သူအပေါ်ထားရှိ သည့်လုပ်ငန်းဆောင်ရွက်ချက်များ၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများ၏ ဒေသအကျိုးဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်သူများဘက်မှလည်း ဒီမိုကရေစီနှင့်အညီ လုပ်ဆောင်ရမည့် တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ တောင်သူများ၏ ဘဝမြင့်မားစေရန်၊ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ ပြောင်းလဲစိုက်ပျိုးရန်နှင့် သက်ဆိုင်ရာဌာနများမှ လည်း လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။