Home / မီဒီယာ / သတင်းမှတ်တမ်းများ / သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

ဒီဇင်ဘာ ၄ (ပဲခူး)

================================

      ဒီဇင်ဘာလ(၄)ရက်နေ့နံက်(၁၀:၃၀)နာရီအချိန်ကပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့၊ရွာသစ်(၄)ရပ်ကွက်၊ကံကုန်းရွာလယ်မဏ္ဍပ်၌ Habitat for Humanity-Myanmar အဖွဲ့အစည်းမှ အကောင်အထည်ဖော် တည်ဆောက်သော သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့သည် မိုးရာသီတွင် ရေကြီးပြီး နွေရာသီတွင် ရေရှားပါးသည့် ဒေသဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒေသနှင့် ကိုက်ညီပြီး လွယ်ကူလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် Habitat for Humanity-Myanmar မှ သဘာဝဘေးဒဏ်ခံ ဝါးလုံးချင်းအိမ်ရာများ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ လူသားတိုင်းတွင် နေထိုင်ရန် နေရာတစ်ခုရှိမှသာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံ အချက်အလက်များ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေးများ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသလို ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှသာ  အစိုးရ၏ ကူညီပံ့ပိုးမှုများ၊ နိုင်ငံတကာမှအကူအညီများ ပိုမိုရရှိလာနိုင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိုးညီညီ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် HIFHM Country Manager က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစီမံကိန်းများ နှင့် ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းပြောကြားပြီး၊ Habitat for Humanity-Myanmar မှ ဆောက်လုပ်ပြီးစီးသွားသည့် ကျေးရွာများမှ ပြည်သူများထံသို့ ဝါးလုံးချင်းအိမ်ရာနှင့် ပတ်သက်သည့် လက်မှတ်များအား လွှဲပြောင်းပေးအပ်ခဲ့ရာ၊ ဒေသခံပြည်သူ တစ်ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

          ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာအတွင်း Habitat for Humanity-Myanmar မှ ဆောက်လုပ်ပြီးစီးသည့် ဝါးလုံးချင်းအိမ်ရာများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

          အဆိုပါစီမံကိန်းအား သနပ်ပင်မြို့နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၌ နိုင်ငံတကာမှ စေတနာရှင်ဝန်ထမ်း(၁၅၈)ဦး၊ ပြည်တွင်းစေတနာရှင် ဝန်ထမ်း(၂၀၀)ခန့်ဖြင့် ဒေသခံပြည်သူများအတွက် နေအိမ်၊ ရေစစ်အိုး၊ ယင်လုံအိမ်သာများ ပူးပေါင်းဆောက်လုပ် ပေးခြင်းဖြစ်ပြီး အဓိကအားဖြင့် ဒေသထွက်ကုန် ဝါးကိုအခြေခံပြီး (၁၅)နှစ်ခန့် ခိုင်ခန့်နိုင်ရန် အဆင့်မြင့်နည်းပညာဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ဝါးလုံးချင်းအိမ်ရာ လွှဲပြောင်း ပေးအပ်ပွဲတွင် သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာ၌ (၁၅)လုံး၊ မင်းရွာ-တာဝကျေးရွာ၌(၁၆)လုံး၊ မကြက်စုကျေးရွာတွင်(၆)လုံး၊ ရေကျော်-သုံးခွကျေးရွာတွင်(၅)လုံး တို့အား လွှဲပြောင်းပေးအပ် ခြင်းဖြစ်ပြီး အိမ်တစ်လုံးတန်ဖိုးမှာ ကျပ်(၂၃)သိန်း ခန့် ဖြစ်သည်။ ၎င်းစီမံကိန်း အား Nissan ကုမ္ပဏီမှ အဓိကပံ့ပိုးကူညီပြီး Habitat for Humanity-Myanmar မှ တာဝန်ယူ တည်ဆောက် ပေးခြင်းဖြစ်သည်။

          အခမ်းအနားသို့ ဝန်ကြီးချုပ်၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ Habitat for Humanity-Myanmar မှ စေတနာရှင် ဝန်ထမ်းများ၊ ကျေးရွာသူ/သား စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။